အမေရိကန်ပြည်ထောင်စုအခြေစိုက် Agility Robotics ကုမ္ပဏီဟာ ကုန်လှောင်ရုံတွေ၊ စက်ရုံတွေနဲ့ စက်မှုလုပ်ငန်းခွင်တွေမှာ လူတွေနဲ့အတူ ဘေးချင်းယှဉ် ပူးတွဲအလုပ်လုပ်နိုင်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ မျိုးဆက်သစ် လူတူစက်ရုပ် Digit 5 ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၅ ရက်မှာ တရားဝင် မိတ်ဆက်လိုက်ပါတယ်။ ဒီလူတူစက်ရုပ်ဟာ အရပ် ၅ ပေ ၁၁ လက်မ မြင့်ပြီး အလေးချိန် ၂၈၄ ပေါင် (၁၂၉ ကီလိုဂရမ်) ရှိပါတယ်။ ယခင် မျိုးဆက်ဟောင်း Digit 4 ထက် မတင်နိုင်စွမ်း ၄၀ ရာခိုင်နှုန်း ပိုမိုမြင့်မားလာပြီး အလေးချိန် ပေါင် ၅၀ (၂၂.၇ ကီလိုဂရမ်) အထိရှိတဲ့ ပစ္စည်းတွေကို မနားတမ်း အကြိမ်ကြိမ် မတင်ပေးနိုင်မယ်လို့ ကုမ္ပဏီက ဆိုပါတယ်။
စွမ်းဆောင်ရည်ပိုင်းမှာလည်း Digit 5 ဟာ တစ်ကြိမ် အားသွင်းထားရုံနဲ့ မိနစ် ၉၀ နီးပါး ဆက်တိုက် လှုပ်ရှားနိုင်ပြီး ဘက်ထရီ ပြန်လည်ဖြည့်တင်းဖို့အတွက် ၉ မိနစ်ခန့်သာ ကြာမြင့်မှာပါ။ ဒီလို မြန်ဆန်တဲ့ အားသွင်းစနစ်ကြောင့် ၂၄ နာရီပတ်လုံးမှာ အမှန်တကယ် အလုပ်လုပ်နိုင်ချိန် နာရီ ၂၀ ကျော်အထိ ရရှိစေမှာဖြစ်ပါတယ်။ ဒါ့အပြင် အမြင့် ၇.၂ ပေ (၂.၂ မီတာ) အထိရှိတဲ့ ပစ္စည်းတွေကို လှမ်းယူနိုင်ရုံတင်မကဘဲ လုပ်ငန်းခွင်အတွင်း အနီးအနားမှာရှိတဲ့ လူတွေကို အာရုံခံသိရှိနိုင်ဖို့နဲ့ လိုအပ်ရင် ရှောင်ကွင်း သို့မဟုတ် ချက်ချင်းရပ်တန့်နိုင်ဖို့ ဘေးကင်းလုံခြုံရေး စင်ဆာအများအပြားကိုလည်း တပ်ဆင်ပေးထားပါတယ်။

Agility Robotics ရဲ့ ဖော်ပြချက်အရ မူလ Digit လူတူစက်ရုပ်တွေဟာ Amazon၊ Toyota နဲ့ ကုန်စည်ပို့ဆောင်ရေး ကုမ္ပဏီ GXO တို့လို ထိပ်တန်းလုပ်ငန်းခွင်တွေမှာ စီးပွားရေးအရ အသုံးပြုသည့် နာရီပေါင်း ၆၅,၀၀၀ ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။ အတ္တလန်တာမြို့အနီးရှိ GXO စက်ရုံမှာ Digit 4 လူတူစက်ရုပ်ဟာ တာဝန်ယူစဉ်အတွင်း ၉၈ ရာခိုင်နှုန်းနီးပါး တိကျမှုနဲ့ ပစ္စည်းပုံးပေါင်း ၁၀၀,၀၀၀ ကို ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ပါတယ်။ လက်ရှိမှာ Agility Robotics ဟာ ဒေါ်လာ သန်း ၃၀၀ ကျော်တန်ဖိုးရှိ ကုန်မှာယူမှုတွေ လက်ခံရရှိထားပြီး ၂၀၂၇ ခုနှစ် ပထမနှစ်ဝက်မှာ စတင်ဖြန့်ဖြူးပေးသွားမှာ ဖြစ်ပါတယ်။
Ref : Technology Innovation