ယူကရိန်းစစ်တပ်ဟာ FPV ဒရုန်းပိုင်းလော့တွေကို လေ့ကျင့်ပေးဖို့အတွက် နာမည်ကြီး Grand Theft Auto V (GTA V) ဂိမ်းကို ပုံစံတူစနစ် (Simulator) တစ်ခုအနေနဲ့ အသုံးပြုနေပါတယ်။ ဒီဆန်းသစ်တဲ့ နည်းလမ်းကို ယူကရိန်းလေ့ကျင့်ရေးအဖွဲ့ဖြစ်တဲ့ WeTrueGun က တီထွင်ခဲ့တာဖြစ်ပြီး ဂိမ်းရဲ့ကျယ်ပြောလှတဲ့ ပတ်ဝန်းကျင်ထဲမှာ တကယ့်ဒရုန်းတွေရဲ့ ပျံသန်းမှုပုံစံအတိုင်းဖြစ်အောင် ပြုပြင်မွမ်းမံထားတာပါ။

စစ်သားတွေဟာ ဂိမ်းဆော့သလို ကီးဘုတ်နဲ့ ဆော့နေတာမဟုတ်ဘဲ Radiomaster TX16S MK3 လိုမျိုး တကယ့်ဒရုန်းမောင်းတဲ့ ပရော်ဖက်ရှင်နယ် Controller တွေကို သုံးပြီး လေ့ကျင့်နေကြတာပါ။ ဒီစနစ်ကြောင့် ပိုင်းလော့တွေဟာ မြေပုံကျယ်ကြီးတွေထဲမှာ လမ်းကြောင်းရှာတာ၊ ပစ်မှတ်ကို ခြေရာခံတာနဲ့ အခက်အခဲတွေကို ကျော်ဖြတ်မောင်းနှင်တာတွေကို စိတ်ကြိုက်လေ့ကျင့်နိုင်တဲ့အပြင် အပူလှိုင်းသုံး ကြည့်မှန်ပြောင်း (Thermal vision) စနစ်ကိုပါ စမ်းသပ်နိုင်ပါတယ်။
တာဝန်ရှိသူတွေကတော့ ဒါဟာ ကုန်ကျစရိတ်သက်သာပြီး ထိရောက်တဲ့ ဖြည့်စွက်လေ့ကျင့်ရေး ကိရိယာတစ်ခုဖြစ်ပေမဲ့ တကယ့်စစ်မြေပြင်က လက်တွေ့ပျံသန်းမှုတွေကိုတော့ အပြည့်အဝ အစားထိုးနိုင်မှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။
Ref : Fossbytes