Apple ပရိသတ်တွေ စောင့်မျှော်နေတဲ့ iPad Air အသစ် ထွက်လာပါပြီ။ အပြင်ပန်းဒီဇိုင်းနဲ့ ဈေးနှုန်းက အရင်အတိုင်းပဲ ဆိုပေမယ့် အတွင်းပိုင်းမှာတော့ M4 ချစ်ပ်ဆက်အသစ်ကို တပ်ဆင်ထားလို့ စွမ်းဆောင်ရည်ကတော့ အံ့မခန်း တက်လာပါတယ်။

The new iPad Air can be paired with a Magic Keyboard and/or a Pencil Pro

ဒီ iPad Air အသစ်မှာ 8-core CPU နဲ့ 9-core GPU ပါဝင်တဲ့ M4 ချစ်ပ်ဆက်ကို သုံးထားလို့ အရင် M3 မော်ဒယ်ထက် ၃၀ ရာခိုင်နှုန်း ပိုမြန်လာပါတယ်။ အကြိုက်ဆုံးအချက်ကတော့ RAM ကို 8GB ကနေ 12GB အထိ တိုးမြှင့်ပေးလိုက်တာပါပဲ။ ဒါကြောင့် ဂိမ်းဆော့တာပဲဖြစ်ဖြစ်၊ အလုပ်တွေ တစ်ပြိုင်နက်လုပ်တာပဲဖြစ်ဖြစ်၊ AI နည်းပညာတွေ သုံးတာပဲဖြစ်ဖြစ် ထစ်ငေါ့နေတာမျိုး မရှိတော့ဘဲ ရှောရှောရှူရှူ သုံးနိုင်တော့မှာပါ။

အထူးခြားဆုံးကတော့ Apple က သူတို့ကိုယ်တိုင် ဖန်တီးထားတဲ့ N1 နဲ့ C1X ကြိုးမဲ့ ဆက်သွယ်ရေး ချစ်ပ်တွေကို ပထမဆုံးအကြိမ် ထည့်သွင်းပေးလိုက်တာပါ။ N1 ချစ်ပ်က Wi-Fi 7 နဲ့ Bluetooth 6 ကို ထောက်ပံ့ပေးပြီး၊ ဆင်းမ်ကတ်ထည့်သုံးရတဲ့ မော်ဒယ်တွေမှာဆိုရင် C1X မိုဒမ်ကြောင့် 5G အင်တာနက် အမြန်နှုန်း ၅၀ ရာခိုင်နှုန်း ပိုမြန်လာတဲ့အပြင် ဘက်ထရီစားတာကိုလည်း ၃၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။

မျက်နှာပြင် အရွယ်အစား ၁၁ လက်မနဲ့ ၁၃ လက်မဆိုပြီး နှစ်မျိုး ရွေးချယ်နိုင်ပါတယ်။ အဲဒီ iPad Air အသစ်ကို မတ်လ ၄ ရက်နေ့ကစပြီး ကြိုတင်မှာယူနိုင်ပြီဖြစ်ကာ မတ်လ ၁၁ ရက်နေ့မှာ တရားဝင် စတင်ရောင်းချပေးသွားမှာပါ။ ဈေးနှုန်းတွေကတော့ အရင်အတိုင်းပဲ ၁၁ လက်မ မော်ဒယ်ကို ဒေါ်လာ ၅၉၉၊ ၁၃ လက်မ မော်ဒယ်ကို ဒေါ်လာ ၇၉၉ ကနေ စတင် ဝယ်ယူနိုင်ပါတယ်။

Ref : gsmarena