အမေရိကန်နိုင်ငံ၊ Utah ပြည်နယ်အခြေစိုက် Paterna Biosciences ကုမ္ပဏီက ဓာတ်ခွဲခန်းသုံး ပန်းကန်ပြားထဲမှာ လူ့သုတ်ပိုးတွေကို ပထမဆုံးအကြိမ်အဖြစ် အောင်မြင်စွာ မွေးမြူနိုင်ခဲ့ပြီလို့ ကြေညာလိုက်တာကြောင့် သိပ္ပံလောကမှာ ဟိုးလေးတကျော် ဖြစ်သွားပါတယ်။ အဆိုပါ ဓာတ်ခွဲခန်းထွက် သုတ်ပိုးတွေကို အသုံးပြုပြီး ကျန်းမာသန်စွမ်းတဲ့ သန္ဓေသားလောင်းတွေကိုပါ ဖန်တီးနိုင်ခဲ့တာ ဖြစ်ပေမယ့် ဒီတွေ့ရှိချက်ကိုတော့ တခြားပညာရှင်တွေက ထပ်မံစစ်ဆေး အတည်ပြုတာမျိုးတော့ မလုပ်ရသေးပါဘူး။

ကုမ္ပဏီရဲ့ CEO ဖြစ်သူ Alexander Pastuszak ရဲ့ ပြောကြားချက်အရ သုတ်ပိုးထုတ်လုပ်ပေးတဲ့ ပင်မဆဲလ် (Stem Cells) တွေကို ခန္ဓာကိုယ်ပြင်ပမှာ မွေးမြူပြီး ရင့်ကျက်တဲ့ သုတ်ပိုးတွေ ဖြစ်လာအောင် ကွန်ပျူတာ မော်ဒယ်တွေရဲ့ အကူအညီနဲ့ လိုအပ်တဲ့ ဓာတုဗေဒ အချက်ပြမှုတွေကို တိတိကျကျ တွက်ချက်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ “ပင်မဆဲလ်တွေကို ပုံမှန်ရင့်ကျက်တဲ့ သုတ်ပိုးတွေအဖြစ် ပြောင်းလဲပေးနိုင်မယ့် လမ်းညွှန်ချက်တွေကို ကျွန်တော်တို့ ရှာဖွေတွေ့ရှိသွားတာပါ” လို့ ၎င်းက ဆိုပါတယ်။

ဒီနည်းပညာဟာ ကလေးမရနိုင်တဲ့ အမျိုးသားတွေထဲက သုတ်ပိုး လုံးဝမထုတ်လုပ်နိုင်တဲ့ ပြဿနာ (Azoospermia) နဲ့ ရင်ဆိုင်နေရတဲ့ ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းသော အမျိုးသားတွေအတွက် မျှော်လင့်ချက်အသစ် ဖြစ်လာမှာပါ။ ၎င်းတို့မှာ လိုအပ်တဲ့ ပင်မဆဲလ်တွေ ရှိနေပေမယ့် ခန္ဓာကိုယ်ရဲ့ ဇီဝပတ်ဝန်းကျင် အခြေအနေကြောင့် သုတ်ပိုးအဖြစ် မပြောင်းလဲနိုင်တာကို ဓာတ်ခွဲခန်းထဲမှာ အစားထိုး လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ Paterna ကုမ္ပဏီအနေနဲ့ ဒီနည်းပညာနဲ့ ကုသပေးမှုအတွက် တစ်ကြိမ်ကို အမေရိကန်ဒေါ်လာ ၅,၀၀၀ ကနေ ၁၂,၀၀၀ ကြား (မြန်မာငွေ သိန်းရာချီ) ကျသင့်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
Ref : Fossbytes