နည်းပညာလောကရဲ့ ထိပ်သီး အီလွန်မတ်စ်ရဲ့ SpaceX ကုမ္ပဏီဟာ ဉာဏ်ရည်တု (AI) စနစ်တွေကို အာကာသထဲကနေ စွမ်းအားပေးနိုင်ဖို့အတွက် ဂြိုဟ်တုပေါင်း တစ်သန်းအထိ လွှတ်တင်ခွင့်ပြုဖို့ အမေရိကန် ဖက်ဒရယ် ဆက်သွယ်ရေး ကော်မရှင် (FCC) ထံ အံ့အားသင့်ဖွယ် လျှောက်ထားလိုက်ပါတယ်။ ကမ္ဘာမြေပေါ်မှာ ဒေတာစင်တာတွေဆောက်ရင် လျှပ်စစ်မီး၊ မြေနေရာနဲ့ အအေးခံဖို့ ရေအမြောက်အမြား လိုအပ်တာကြောင့် SpaceX က နေရောင်ခြည်စွမ်းအင်သုံး အာကာသအခြေစိုက် ဒေတာစင်တာတွေကို ပတ်လမ်းကြောင်းထဲမှာ တည်ဆောက်ပြီး AI စနစ်တွေကို ပိုမိုထိရောက်မြန်ဆန်စွာ မောင်းနှင်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

SpaceX seeks FCC nod for solar-powered satellite data centers for AI |  Reuters

ဒီမဟာစီမံကိန်းဟာ လက်ရှိ ဂြိုဟ်တုပေါင်း တစ်သောင်းနီးပါး ရှိနေတဲ့ Starlink ကွန်ရက်ကို အကြီးအကျယ် တိုးချဲ့သွားမှာဖြစ်ပြီး ၂၀၂၈ ခုနှစ်ဝန်းကျင်မှာ Starship ဒုံးပျံကြီးတွေကို သုံးပြီး ကမ္ဘာ့မြေပြင်အထက် ကီလိုမီတာ ၅၀၀ နဲ့ ၂,၀၀၀ ကြားထဲကို စတင်လွှတ်တင်သွားမှာ ဖြစ်ပါတယ်။ SpaceX ရဲ့ ရည်မှန်းချက်ကတော့ ကမ္ဘာပေါ်က အသုံးပြုသူ ဘီလီယံပေါင်းများစွာအတွက် ဧရာမ ကွန်ပျူတာစွမ်းအားတွေ ပေးနိုင်ဖို့တင်မကဘဲ လူသားမျိုးနွယ်စုတွေကို နေရဲ့စွမ်းအင်တစ်ခုလုံးကို အပြည့်အဝအသုံးချနိုင်မယ့် “Kardashev Type II” အဆင့်မြင့် ယဉ်ကျေးမှုခေတ်ဆီ ခေါ်ဆောင်သွားဖို့အထိ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

Amazon Urges FCC to Deny SpaceX Plan to Launch 1 Million Satellites | PCMag

ဒါပေမဲ့ အာကာသထဲ ဂြိုဟ်တုတွေ အပြုံလိုက်လွှတ်တင်မယ့် အစီအစဉ်အပေါ် သိပ္ပံပညာရှင်တွေကတော့ စိုးရိမ်နေကြပါတယ်။ အခုလို ကြီးမားလွန်းတဲ့ ဂြိုဟ်တုအုပ်စုကြီးဟာ အာကာသထဲမှာ ပိတ်ဆို့မှုတွေကို ပိုဆိုးစေပြီး နက္ခတ္တဗေဒပညာရှင်တွေရဲ့ အာကာသလေ့လာရေးလုပ်ငန်းတွေကို အကြီးအကျယ် နှောင့်ယှက်လိမ့်မယ်လို့ သတိပေးထားပါတယ်။ အီလွန်မတ်စ်ကတော့ အာကာသပိတ်ဆို့မှု ဖြစ်လာမယ်ဆိုတဲ့ ဝေဖန်ချက်တွေကို ငြင်းဆိုထားပြီး သူ့ရဲ့ အာကာသ AI အိပ်မက်ကို ရှေ့ဆက်ဖို့ ပြင်ဆင်နေပါတယ်။

Ref : Technology Innovation