အခုနောက်ပိုင်းမှာ စမတ်ဖုန်းထုတ်လုပ်သူတွေက Battery Capacity ကိုပိုများအောင်ထည့်သွင်းလာကြသလို Fast Charging ပိုင်းကိုလည်း သိသိသာသာကို အာရုံစိုက်လာကြပြီဖြစ်ပါတယ်။ အခုဆိုရင်လည်း တရုတ်စမတ်ဖုန်းကုမ္ပဏီတွေဖြစ်တဲ့ Xiaomi ၊ Vivo ၊ OPPO ၊ realme လိုမျိုး ကုမ္ပဏီတွေက 100W အထက် Fast Charging နည်းပညာတွေကို မိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။

ဒါပေမယ့်လည်း လောလောဆယ်မှာ Xiaomi Mi 10 Ultra နဲ့ iQOO 5 Pro စမတ်ဖုန်းတွေကပဲ 120W Fast Charging ကို Support ပြုလုပ်သေးတာဖြစ်ပြီး တခြားသော စမတ်ဖုန်းတွေကတော့ အမြင့်ဆုံး 65W Fast Charging ဝန်းကျင်မှာပဲရှိနေတာဖြစ်ပါတယ်။ မကြာခင်မိတ်ဆက်တော့မယ့် OnePlus 8T နဲ့ Huawei Mate 40 Series ဖုန်းတွေဟာလည်း 65W Fast Charging နည်းပညာကို ပြောင်းလဲအသုံးပြုလာတော့မှာပါ။

အခုလည်း Chinese Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေ လာမယ့် ၂၀၂၁ ခုနှစ်မှာ စမတ်ဖုန်းထုတ်လုပ်သူတွေအများအပြားက 100W နဲ့အထက် Fast Charging နည်းပညာကို Wired တင်မဟုတ်ဘဲ Wireless နဲ့ပါ အသုံးပြုနိုင်ဖို့အတွက် ဆောင်ရွက်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ လောလောဆယ်မှာ Wireless Charing အနေနဲ့ အမြင့်ဆုံး 50W ဝန်းကျင်ပဲ ရှိနေတာဖြစ်တဲ့အတွက် ဒါက တော်တော်လေးကို သိသာတဲ့ပြောင်းလဲမှုတစ်ခုဖြစ်လာမှာပါ။

အခုလိုမျိုး Fast Charging နည်းပညာတွေကောင်းမွန်လာတာနဲ့အတူ ထည့်သွင်းစဥ်းစားရမှာကတော့ Battery Charging Cycle တွေအပြီးမှာ Battery Health ဘယ်လောက်ထိ ကျဆင်းမလဲဆိုတာပဲဖြစ်ပါတယ်။ OPPO ရဲ့ 125W Fast Charging နည်းပညာဟာ Charging Cycle ၈၀၀ အပြီးမှာ 80% အထိ ကျဆင်းခဲ့ပေမယ့် 65W Fast Charging ကတော့ 90% အထိပဲ  ကျဆင်းတာဖြစ်ပါတယ်။ အဲ့ဒီအတွက် 100W နဲ့အထက် Wireless Charging ကို ရရှိလာမယ်ဆိုရင် ပိုပြီး Battery သက်တမ်းကို လျော့နည်းလာဖို့များပါတယ်။

ဘာပဲဖြစ်ဖြစ် Digital Chat Station ကတော့ ဘယ်စမတ်ဖုန်းကုမ္ပဏီက အစောဆုံး 100W နဲ့အထက် Wireless Charging စနစ်ကို မိတ်ဆက်မလဲဆိုတာကို ပြောကြားခဲ့ခြင်းမရှိပေမယ့် Xiaomi နဲ့ OPPO လိုမျိုး ကုမ္ပဏီတွေပဲဖြစ်လာနိုင်ပါတယ်။

Ref – Android Authority