Apple ဟာ ပြီးခဲ့တဲ့နှစ်တုန်းက 13-inch MacBook Pro နဲ့ MacBook Air တွေမှာ ပထမဆုံးအနေနဲ့ ကိုယ်ပိုင် Apple M1 Chip ကို ပြောင်းလဲအသုံးပြုပြီး မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ M1 Chip ကို အသုံးပြုထားတဲ့ MacBook တွေဟာ စွမ်းဆောင်ရည်ပိုင်းမှာ ယခင်ထက် အဆများစွာပိုကောင်းမွန်လာသလို အခုအချိန်မှာ Apple Mac ကွန်ပျူတာတွေနဲ့ iPad Pro တွေမှာပါ M1 Chip ကို အသုံးပြုနေပြီဖြစ်ပါတယ်။

အခုလည်း Apple ဟာ စွမ်းဆောင်ရည်ပိုင်းမှာ ပိုကောင်းလာဦးမယ့် M1X Chip အသစ်နဲ့ MacBook Pro အသစ်တွေကို ယခုနှစ်ကုန်ပိုင်းမှာ မိတ်ဆက်ဖို့ စီစဥ်နေတာဖြစ်ပါတယ်။ အဆိုပါ MacBook အသစ်တွေကတော့ 14-inch MacBook Pro နဲ့ 16-inch MacBook Pro တွေဖြစ်ပြီး Design ပိုင်းပြောင်းလဲမှုတွေအပြင် Display ပိုင်းမှာပါ mini-LED Display ကို အဆင့်မြှင့်တင်ထားမှာဖြစ်ပါတယ်။

အခုနောက်ဆုံးသိရတဲ့သတင်းတွေအရတော့ Apple ဟာ အဆိုပါ MacBook Pro အသစ်တွေကို စတင်ပြီး အမြောက်အများထုတ်လုပ်နေပြီဖြစ်ပါတယ်။ အဆိုပါ သတင်းကိုတော့ DigiTimes ကနေ အတည်ပြုဖော်ပြခဲ့တာဖြစ်ပြီး အစောဆုံး လာမယ့် နိုဝင်ဘာလအတွင်းမှာ ရောင်းချသွားနိုင်ဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။

အဲ့ဒီအတွက်လည်း Apple ဟာ အဆိုပါ MacBook Pro အသစ်တွေကို ယခု သြဂုတ်လကနေ နိုဝင်ဘာလအတွင်း တစ်လကို အလုံးရေ ၆ သိန်းကနေ ၈ သိန်းအထိ ထုတ်လုပ်သွားမှာဖြစ်ပါတယ်။ ယခုနှစ်အတွင်းမှာ Apple ဟာ MacBook ပေါင်း အလုံးရေ ၂၃ သန်းအထိ ရောင်းချရဖို့ ခန့်မှန်းထားပြီး မနှစ်တုန်းကထက် ၁၅ ရာခိုင်နှုန်းပိုမိုများပြားနေတာပဲဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Apple M1X Chip ဟာ အမြင့်ဆုံး 10-Core အထိ ပါဝင်လာမှာဖြစ်ပြီး High Performance Core ၈ ခု နဲ့ Energy Efficient Core ၂ ခုစီထည့်သွင်းထားမှာဖြစ်ပါတယ်။ RAM ကိုလည်း 64GB အထိ ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။ အဲ့ဒါကြောင့် စွမ်းဆောင်ရည်ပိုင်းမှာ လက်ရှိ Apple M1 Chip ထက်တောင် တော်တော်လေးပိုကောင်းလာဖို့ကတော့ ကျိန်းသေနေပြီဖြစ်ပါတယ်။

Ref – 9to5Mac