လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းက Apple ဟာ သူတို့ရဲ့ ထုတ်ကုန်သစ်ဖြစ်ခဲ့တဲ့ iPhone X ကို အကြီးမားဆုံး ဒီဇိုင်းပြင်ဆင်မှုနဲ့အတူ မိတ်ဆက်ခဲ့ပါတယ်။ တစ်နည်းပြောရရင်တော့ အစဉ်အလာ ဒီဇိုင်းကနေ ခွဲထွက်သွားတဲ့ iPhone မဆန်တော့ဘူးလို့ ဆိုနိုင်လောက်တဲ့ ဒီဇိုင်းဖြစ်ပါတယ်။

ဒီဇိုင်းသစ်နဲ့ iPhone တွေမှာ ဧရာမ Notch တွေနဲ့ဖြစ်နေတာကြောင့် သုံးစွဲသူတွေကြားမှာ ဝေဖန်မှုတွေညံစီခဲ့သလို၊ ပြိုင်ဘက်တွေရဲ့ လှောင်ပြောင်မှုတွေကိုလည်း ရရှိခဲ့တာ ဖြစ်ပါတယ်။ iPhone 12 တွေအထိ Notch အရွယ်အစားတွေက ကြီးမားနေဆဲဖြစ်တာကြောင့် Apple အနေနဲ့ လာမယ့်မျိုးဆက်မှာတော့ Notch အရွယ်အစားကို လျှော့ချနိုင်ဖို့ သေချာပေါက်လိုအပ်နေခဲ့တာလည်း ဖြစ်ပါတယ်။

DigiTimes ကဖော်ပြတဲ့ နောက်ဆုံးသတင်းမှာတော့ မျိုးဆက်သစ် iPhone တွေဟာ သေးငယ်တဲ့ Notch တွေနဲ့ ဖြစ်လာမယ်လို့ ရေးသားထားပါတယ်။ အလားတူသတင်းအချက်အလက်ကိုလည်း ဒီလအစောပိုင်းတုန်းက ဂျပန်ဘလော့ MacOtakara ရဲ့ ရေးသားမှုကိုကိုးကားပြီး ဖော်ပြခဲ့ဖူးပါသေးတယ်။ ဒီတုန်းကတော့ Notch သေးပေမယ့် 0.26mm ပိုထူလာမယ်လို့ ဖော်ပြခဲ့တာပါ။

Apple ဟာ ပိုပြီးကျစ်လျစ်သိပ်သည်းတဲ့ဒီဇိုင်းကိုပြုလုပ်ဖို့အတွက် Module တစ်ခုတည်းမှာ Infrared ကင်မရာနဲ့ Dot projector ကို အတူတပ်ဆင်မယ်လို့ မျှော်လင့်ရပါတယ်။ သေးငယ်တဲ့ Notch တွေ ရှိလာမယ့်အပြင် လာမယ့် iPhone တွေ (iPhone 12S စီးရီးလို့ သတ်မှတ်) ဟာ ဒီနှစ် iPhone 12 စီးရီးလိုပဲ မော်ဒယ်လေးမျိုးနဲ့ ထွက်လာမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် iPhone 12S မော်ဒယ်အားလုံးဟာ (လက်ရှိ iPhone 12 Pro နဲ့ 12 Pro Max တွေမှာပဲ သီးသန့်) ဖြစ်တဲ့ LiDAR scanner ပါဝင်လာမယ်၊ Sensor-shift OIS (လက်ရှိ iPhone 12 Pro Max မှာပဲသီးသန့်) တွေနဲ့ ဖြစ်လာမယ်လို့ ဆိုပါတယ်။ High-end 6.1-inch နဲ့ 6.7-inch iphone တွေမှာ အရွယ်အစားပိုကြီးတဲ့ Lens တွေလည်း တပ်ဆင်လာမယ်လို့ ဆိုပါတယ်။

Ref: GSM Arena