Motorola ဟာ အခုနှစ်ထဲမှာ ပထမဆုံး Foldable စမတ်ဖုန်း RAZR နဲ့အတူ Edge Plus ကိုပါ မိတ်ဆက်ပြီး Premium စမတ်ဖုန်းဈေးကွက်ထဲ ပြန်ဝင်လာခဲ့ပါတယ်။ ယနေ့မှာတော့ ကုမ္ပဏီအကြီးအကဲတစ်ယောက်ဆီက သတင်းအရ ဒုတိယမြောက် RAZR Foldable ကိုလည်း အခုနှစ်ထဲမှာပဲ ထပ်မြင်ရနိုင်ခြေရှိတယ်လို့ သိရပါတယ်။

ပထမ Razr ဖုန်းအတွက် ရီဗျူးတွေက အကောင်းအဆိုးရောနေသေးပေမယ့် ကုမ္ပဏီကတော့ ဒုတိယမြောက် Razr ဖုန်းကို လာမယ့်စက်တင်ဘာမှာ မိတ်ဆက်သွားဦးမှာပါ။ ဒီသတင်းကိုတော့ တောင်အာဖရိက Lenovo အထွေထွေမန်နေဂျာ Thibault Dousson က ဖော်ပြလာခဲ့တာဖြစ်ပါတယ်။ Lenovo က ၂၀၁၄ ခုနှစ်မှာ Motorola ကို Google ကုမ္ပဏီဆီကနေ ဒေါ်လာ ၂.၉၁ ဘီလီယံနဲ့ ဝယ်ယူထားတာပါ။

Thibault က နည်းပညာ Podcast တစ်ခုမှာ Razr အမှတ်တံဆိပ်အတွက် အဖွဲ့ဝင်သစ် လာဦးမှာဖြစ်ပြီး စက်တင်ဘာမှာ တစ်ခုရှိမယ်ထင်တယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ၂၀၂၀ ဒုတိယနှစ်ဝက်မှာ Razr ဖုန်းသစ်ကို မြင်ရမယ်လို့ တစ်နည်းအားဖြင့် အတည်ပြုလိုက်တာပါပဲ။ ဒါပေမယ့် အဆိုပါဟန်းဆက်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ ထပ်မပြောခဲ့ပါဘူး။ စက်တင်ဘာလမှာ တကယ်ထွက်ခဲ့မယ်ဆိုရင်တောင် လအနည်းငယ်လိုနေသေးတဲ့အတွက် သတင်းကြားရဖို့လည်း နည်းနည်းခက်ခဲနေဦးမှာပါ။

Motorola Razr ဖုန်းဟာ Android 10 OS ရရှိပြီးဖြစ်ကာ လာမယ့် Android 11 Update ကိုလည်း ထွက်ထွက်ချင်း ရနိုင်ဖို့ ကတိပေးထားပါတယ်။ ဒါ့အပြင် ကုမ္ပဏီက နောက်ထပ် Android Update နှစ်ခုထိ ကတိပေးထားတာကြောင့် Android 12 ထွက်တဲ့ထိ အေးဆေးအသုံးပြုနိုင်မှာပါ။

Ref – GizmoChina