Xiaomi Mi 10 ကို ပထမ အသုတ်ရောင်းချခဲ့တဲ့အခါမှာ ၁ မိနစ်အတွင်း ပစ္စည်းပြတ်သွားတဲ့အတွက် အရမ်းကို လူကြိုက်များတာ သေချာပါတယ်။ တရုတ်မှာ ကိုရိုနာ ဗိုင်းရက်စ်ကြောင့် ကုန်ထုတ်လုပ်မှုတွေကို ရပ်ဆိုင်းထားရတဲ့အတွက် နောက်ထပ် ၁ သုတ်ရောင်းမယ့်အချိန်ကို စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။ Xiaomi ဆီမှာ နောက် ၁ သုတ်ရောင်းဖို့ ပစ္စည်းကျန်နေသေးပေမယ့် ရောင်းဖို့ အချိန်စောင့်ရဦးမှာပါ။

အခုတော့ Xiaomi ရဲ့ အထွေထွေမန်နေဂျာ Xu Jieyun က Mi 10 Series တွေရဲ့ ပထမ အသုတ်ရောင်းချမှုနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် တချို့ကို မျှဝေလိုက်ပါတယ်။ သူက Xiaomi Mi 10 / Pro ဝယ်သူတွေရဲ့ ၄၀ ရာခိုင်နှုန်းဟာ တခြား Brand ကနေ ပြောင်းကိုင်သူတွေ ဖြစ်တယ်လို့  ပြောပါတယ်။ သူက Mi အတွက် သူငယ်ချင်း အသစ်များစွာ ရလိုက်တယ်လို့ သုံးနှုန်းပါတယ်။

Xiaomi Mi 10 မှာ ၆.၆၇ လက်မ AMOLED Punch-hole Curved မျက်နှာပြင် ထည့်သွင်းထားပြီး 90Hz Refresh Rate နဲ့ 180Hz Touch Sampling Rate ထောက်ပံ့ပါတယ်။ မျက်နှာပြင်အောက်က ဘောင်ဟာ ၃.၃၂ မီလီမီတာပဲ ထူတဲ့အတွက် အရမ်း ပါးလွှာပါတယ်။

Snapdragon 865 SoC မောင်းနှင်ထားပြီး SA/ NSA Dual Mode ကို ထောက်ပံ့ပါတယ်။ နောက်မျိုးဆက် LPDDR 5 Memory နဲ့ ပိုမြန်တဲ့ UFS 3.0 Storage ပါလာပါတယ်။ 9.6Gbps အမြန်နှုန်း ထောက်ပံ့ပေးတဲ့ WiFi 6 ပါလာပါတယ်။ အဲဒီ အလန်းစား Specs တွေကြောင့် Mi 10 ဟာ AnTuTu မှာ ၅၈၅,၀၀၀ မှတ်ကျော် ရထားပါတယ်။

Ref : gizchina