Xiaomi ရဲ့ ဈေးကွက်ရင်းနှီးမြုပ်နှံရေးဌာနမှ ပူးပေါင်းလုပ်ကိုင်သူတစ်ယောက်ဖြစ်တဲ့ Pan Jiutang ဟာ လာမယ့် လအနည်းငယ်အတွင်းမှာ 4G ဖုန်းတွေရဲ့ ဈေးနှုန်းတွေ သိသာစွာကျဆင်းသွားလိမ့်မယ်လို့ ဟောချက်ထုတ်ခဲ့ပြီး အကြောင်းပြချက်တွေကိုပါ ထုတ်ဖော်ပြောပြခဲ့ပါတယ်။ အဲ့ဒီထဲကတစ်ခုကတော့ iPhone 11 စီးရီးကို တရုတ်နိုင်ငံအတွင်းမှာ အကြီးအကျယ်ဈေးနှုန်းလျော့ချပေးခဲ့ခြင်းပါပဲ။

iOS အသုံးပြုမှု တဟုန်ထိုး တိုးမြင့်လာတဲ့ တရုတ်ပြည်တွင်းဈေးကွက်မှာ iPhone 11 စီးရီးကို ယှဉ်ပြိုင်ဖို့ဆိုရင် တရုတ်ထုတ်လုပ်သူတွေအနေနဲ့ သူတို့ရဲ့ High-end ဖုန်းတွေကို ဈေးလိုက်လျော့ဖို့ပဲရှိပါတယ်။ တစ်ချိန်တည်းမှာ တရုတ်နိုင်ငံတွင်းမှာလည်း 5G နက်ဝပ်အသွင်ပြောင်းမှု အရမ်းအားကောင်းနေပြီး 5G စမတ်ဖုန်းတွေရောင်းကောင်းလာတာနဲ့ 4G ဈေးကွက်ဟာ တဖြေးဖြေး ဆွဲဆောင်မှုနည်းလာတာပါ။ မကြာခင်မှာ Midrange တန်းထဲမှာတောင် 5G ရရှိတဲ့ဖုန်းတွေ အများကြီးတွေ့လာရတော့မှာလည်း ဖြစ်ပါတယ်။

နောက်ထပ်အကြောင်းပြချက်တစ်ခုကတော့ အားလုံးသိတဲ့အတိုင်း COVID-19 ကပ်ဘေးပါ။ ဖွံ့ဖြိုးဆဲ စမတ်ဖုန်းဈေးကွက်တွေမှာတောင် သူ့ကြောင့် ထိခိုက်မှုအရိပ်အယောင်တွေမြင်နေရပါတယ်။ ဒီလိုအချိန်မှာ ပြိုင်ပွဲထဲ ဆက်ရှိနေဖို့က အရေးကြီးပါတယ်။

Apple က ဘာလို့ တရုတ်ပြည်တွင်းမှာ iPhone 11 ဈေးနှုန်းကို လျော့ချလိုက်တာလဲ ဆိုရင်တော့ ဒီရောဂါကပ်ဆိုးကြောင့် သတ်မှတ်ထားသလောက် ရောင်းအားမကောင်းခြင်း သို့မဟုတ် မျိုးဆက်သစ် အိုင်ဖုန်းတွေကို ထပ်မိတ်ဆက်လာဖို့ရှိတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

Ref – GSM Arena