ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ၂ နှစ်ကြာ မပြုလုပ်ခဲ့တဲ့ ကမ္ဘာ့အကြီးမားဆုံး နည်းပညာပြပွဲ Consumer Electronics Show (CES) ကို ဒီနှစ်မှာ ခမ်းခမ်းနားနား ကျင်းပနေပါတယ်။ အဲဒီပွဲမှာ နည်းပညာ ကုမ္ပဏီများစွာက စမတ်ဖုန်း၊ တက်ဘလက်၊ လက်ပ်တော့ ၊ Chromebook ၊ တီဗီ ၊ Wearable ၊ Smart Home Gadgets  နဲ့ တခြား ထူးခြားဆန်းသစ်တဲ့ နည်းပညာ ထုတ်ကုန်တွေကို ပြသခဲ့ပါတယ်။

အဲဒီအထဲမှာ အကောင်းဆုံးထုတ်ကုန်တွေထဲက ၁ ခုကို ပြောပြချင်ပါတယ်။ အဲဒါက Lenovo IdeaPad Flex 3i Chromebook ဖြစ်ပြီး ဒေါ်လာ ၃၅၀ ပဲရှိပါတယ်။ ၁၂.၂ လက်မ ထိတွေ့မျက်နှာပြင် တပ်ဆင်ထားပြီး 4 or 8GB RAM နဲ့ Intel Celeron Processor (N100 and N200) ထည့်သွင်းထားပါတယ်။ အဲဒီ Specs တွေဟာ အလွန် မကောင်းပေမယ့် Chromebook ၁ လုံးအတွက် ကောင်းမွန်တယ်လို့ ပြောနိုင်ပါတယ်။

အရွယ်အစား ကျစ်လစ်တဲ့ Chromebook အားလုံးမှာ ၁၁.၆ လက်မ မျက်နှာပြင်နဲ့ ကြီးမားတဲ့ ဘေးဘောင်တွေ တပ်ဆင်ထားပေမယ့် ဒီ Chromebook က ထူးခြားပါတယ်။ တန်ဖိုးနည်း Chromebook နယ်ပယ်ထဲမှာ ထူးခြားပြီး FHD မျက်နှာပြင် သုံးထားပါတယ်။

Aspect Ratio က 16:10 ဖြစ်ပြီး Resolution က 1920x1200p ဖြစ်ပါတယ်။ အရင်မျိုးဆက်ထက် မျက်နှာပြင်က ၁၆ ရာခိုင်နှုန်း ပိုကြီးလာပြီး Pixel က ၂ ဆကျော် ပိုများလာပါတယ်။ Peak Brightness က 300 nits အထိ ထောက်ပံ့ထားပြီး အရွယ်ကြီးကာ ပိုတောက်ပတဲ့ မျက်နှာပြင် ပါလာပေမယ့် ဘက်ထရီ သက်တမ်းက ၁၂ နာရီအထိ အသုံးခံတာက အထင်ကြီးစရာပါ။

Ref : androidpolice