၂၀၂၀ ပြည့်နှစ်ဟာ မိုလ်ဘိုင်းဖုန်းတွေနဲ့ပတ်သက်ရင်တော့ ထူးကဲတဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ 5nm chip သုံး စမတ်ဖုန်းတွေသာမက၊ စားသုံးသူတွေကို နောက်ထပ်အဆင့်အတန်းတစ်ခုဆီ ခေါ်ဆောင်သွားနိုင်တဲ့ Foldable ဖုန်းတွေလည်း ပိုပြီးထွက်ရှိလာတဲ့နှစ်ဖြစ်လို့ပါပဲ။

ပုံမှန်အားဖြင့်တော့ OEMs တွေဟာ သူတို့ရဲ့ ထုတ်ကုန်သစ်တွေအတွက် Software Update တွေကို မြန်မြန်ဆန်ဆန် ထုတ်ပေးလေ့ရှိပါတယ်။ အထူးသဖြင့် စတင်ဖြန့်ချိပြီးချိန်ကနေ ၂ နှစ်နဲ့ ၃ နှစ်အတွင်းမှာ ဖြစ်ပါတယ်။ ဒီနောက်ပိုင်းနှစ်တွေမှာတော့ ပုံမှန်မဟုတ်တဲ့ ဂရုစိုက်ခြင်းတွေကိုပဲ မျှော်လင့်ရတော့မှာပါ။ Support ပေးတဲ့ အချိန်ကာလလွန်မှ Update ရတယ်ဆိုတာက ရှားရှားပါးပါးလို့ ဆိုရပါလိမ့်မယ်။

Galaxy Tab S flagship တက်ဘလက်စီးရီးမှာ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်ကထုတ်ခဲ့တဲ့ Galaxy Tab S 8.4 ဟာ ပထမဦးဆုံးမော်ဒယ်ဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတာက Samsung ဟာ ၆ နှစ်သက်တမ်းရှိပြီဖြစ်တဲ့ Galaxy Tab S အတွက် Software Update ထုတ်ပေးလိုက်တာပါပဲ။ ဒီတက်ဘလက်ဟာ Wi-Fi နဲ့ LTE အမျိုးအစား နှစ်မျိုးပဲ ရှိပါတယ်။ အရင်တုန်းကတော့ Exynos 5420 သုံးခဲ့ပြီး နောက်ပိုင်းမှာတော့ Qualcomm Snapdragon 800 ကို သုံးခဲ့ပါတယ်။

Galaxy Tab 8.4 ဟာ 8.4-inch WQXGA (1600 x 2560 pixel) Super AMOLED မျက်နှာပြင်နဲ့ ဖြစ်ပါတယ်။ Android 4.4.2 (Kitkat) နဲ့ ပွဲထွက်ခဲ့တာဖြစ်ပြီး Android 6.0 (Marshmallow) အထိ အဆင့်မြှင့်တင်ခြင်း ခံခဲ့ရပါတယ်။ ဒါပေမယ့် Software Update ထောက်ပံ့ခြင်းကိုမရခဲ့တာက နှစ်အတန်ငယ်ကြာခဲ့ပြီဖြစ်ပါတယ်။

ဒါပေမယ့်လည်း အခုအချိန်မှာတော့ ဥရောပဈေးကွက်မှာ မော်ဒယ်နံပါတ် SM-T700 နဲ့အတူ Firmware ဗားရှင်း T700XXU1CTK1 နဲ့အတူ Update ရရှိနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အခြားနယ်မြေတွေမှာတော့ Update ရ၊ မရ မသေချာသေးသလို၊ LTE အမျိုးအစားအတွက်လည်း ထုတ်ပေး၊ မပေး မသေချာသေးပါဘူး။

Ref: GSM Arena