Google ဟာ Streaming Device အသစ် ၁ ခုကို ဖန်တီးနေတယ်ဆိုတဲ့ သတင်းတွေ ဒီနှစ် အစောပိုင်းကတည်းက ထွက်လာခဲ့တာ ဖြစ်ပြီး Android TV အစား Google TV လို့ နာမည်ပြောင်းထားမယ်လို့ သိခဲ့ရပါတယ်။ အဲဒီ Device ရဲ့ လျှို့ဝှက်နာမည်က Sabrina ဖြစ်ပြီး ပြီးခဲ့တဲ့ လအနည်းငယ်ကတည်းက သတင်းများစွာ မကြာခဏ ထွက်ခဲ့ပါတယ်။ အခုတော့ နာမည် အပြည့်အစုံ ထွက်လာပါတယ်။

Android Police ကနေ Google Sabrina Streaming Device ရဲ့ သတင်း ထွက်လာတာ ဖြစ်ပြီး “Google Chromecast with Google TV”  နာမည်နဲ့ Target စတိုးမှာ ၅၀ ဒေါ်လာနဲ့ စာရင်းတင်ထားတယ်လို့ ဆိုပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၆ သောင်း ၆ ထောင်လောက် ကျသင့်မှာပါ။

အခုပေါက်ကြား သတင်းကြောင့် Google Streaming Device အသစ်ရဲ့ နာမည်ကို သိလာရသလို Android TV ကနေ Google TV Branding ပြောင်းသွားတာကို အတည်ပြုလိုက်နိုင်ပါတယ်။ အရင်ကတော့ Google ဟာ Nest Branding အောက်ကနေ ရောင်းမယ်လို့လည်း သတင်းထွက်ခဲ့ပေမယ့် မဖြစ်လာနိုင်တော့ပါဘူး။ Google Chromecast နာမည်ဟာ နှစ်များစွာကြာ စားသုံးသူတွေကြားမှာ နာမည်ကြီးလာခဲ့တာ ဖြစ်တဲ့အတွက် Google က အဲဒီ နာမည်ကို သုံးထားတာပဲ ကောင်းပါတယ်။

Target စတိုးမှာ အရောင် ၃ မျိုးကို စာရင်းတင်ထားပြီး “Rocky Candy”, “Summer Melon” နဲ့ “Summer Blue” တို့ ဖြစ်ပါတယ်။ လက်ရှိ ရောင်းထားတဲ့ Google Chromecast တွေလို မဟုတ်ဘဲ မော်ဒယ်အသစ်မှာ UI ပါလာမယ်လို့ သတင်းထွက်နေတဲ့အတွက် တကယ့် Smart TV ကို သုံးနေရသလို ခံစားရမှာပါ။

Ref : gizmochina