HMD Global ဟာ Nokia အမှတ်တံဆိပ် စမတ်ဖုန်းတွေနဲ့ Feature ဖုန်းတွေရဲ့ နောက်ကွယ်က ပဲ့ကိုင်ကုမ္ပဏီကြီး ဖြစ်ပါတယ်။ အထူးသဖြင့် Nokia အမှတ်တံဆိပ်နဲ့ စမတ်ဖုန်းတွေကို စတင်မိတ်ဆက်ပြီးချိန်ကစပြီး အခုအချိန်အထိ အချိန်နဲ့ တပြေးညီ မွမ်းမံမှုတွေ ပြုလုပ်ပေးတဲ့နေရာမှာတော့ နာမည်ကောင်း ရထားတယ်လို့ ဆိုနိုင်ပါတယ်။

အခုလည်း Nokia အမှတ်တံဆိပ် စမတ်ဖုန်းတွေအတွက် Android 11 Update ထုတ်ပေးမယ့် Road map ကို တရားဝင်ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် စာရင်းထဲမှာပါတဲ့ စမတ်ဖုန်းတွေဟာ သတ်မှတ်ထားတဲ့အချိန်တွေမှာ Android 11 stable update ကို ရပြီလို့ ဆိုရမှာပါ။

ဖင်လန်ကုမ္ပဏီဟာ ပြီးခဲ့တဲ့ နှစ်ကတည်းကစပြီး စမတ်ဖုန်းအမြောက်အများကို ထုတ်လုပ်ဖြန့်ချိခြင်း မပြုလုပ်သေးပါဘူး။ ဒါကြောင့် Android 11 update ရမယ့် Device အရေအတွက်က ၁၄ မျိုးပဲ တွေ့ရပါသေးတယ်။ ဒါကိုမှ အသုတ် ၃ သုတ်ခွဲပြီး ပေးသွားမှာလည်း ဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ်ရဲ့ စတုတ္ထသုံးလပတ်ထဲမှာတော့ Nokia 8.3 5G, Nokia 8.1, Nokia 5.3, Nokia 2.2 တို့ကို Update ပေးသွားမှာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ပထမသုံးလပတ်ထဲမှာတော့ Nokia 4.2, Nokia 3.4, Nokia 2.4, Nokia 2.3 နဲ့ Nokia 1.3 တို့ ပါဝင်ပါတယ်။ နောက်ဆုံးအသုတ်အဖြစ် ၂၀၂၁ ဒုတိယသုံးလပတ်မှာတော့ Nokia 7.2, Nokia 6.2, Nokia 3.2, Nokia 1 Plus နဲ့ Nokia 9 Pure View တို့ကို ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။

Ref: Gizmochina