Spotify ဟာ NFT or Non-fungible Token နဲ့ Blockchain ကို ထောက်ပံ့ဖို့ စီစဉ်နေပြီး ရည်ရွယ်ချက်က အနုပညာရှင်တွေ NFT နည်းပညာကနေ ဝင်ငွေ ရှာဖွေနိုင်ဖို့ ဖြစ်ပါတယ်။ ဒီလို ပြုလုပ်မယ်ဆိုရင် ဂီတနဲ့ Crypto နယ်ပယ်က လူတွေကို ပိုမို စွဲဆောင်နိုင်မှာ ဖြစ်ပါတယ်။ Spotify ဟာ web3 ကိုတည်ထောင်ဖို့ ဝန်ထမ်းတွေကို ငှားရမ်းနေပြီး web3 ဟာ Blockchain အခြေပြု အင်တာနက်လို့ အဓိပ္ပါယ်ရတဲ့ နည်းပညာ စကားလုံး ဖြစ်ပါတယ်။
Spotify ဟာ နည်းပညာ နယ်ပယ်မှာ နာမည်ကြီးပြီး အခုတော့ NFT နယ်ပယ်ကိုပါ အခြေချလာတော့မှာ ဖြစ်ပါတယ်။ Meta ရဲ့ စီအီးအို မက်ဇူကာဘတ်က အင်စတာဂရမ်မှာ မကြာခင် NFT တွေ ထောက်ပံ့တော့မယ်လို့ ကတိပေးထားပြီးပြီ ဖြစ်ပါတယ်။ တခြား လူမှုကွန်ရက် ပလက်ဖောင်းတွေ ဖြစ်တဲ့ တွစ်တာနဲ့ ရက်ဒ်ဒစ်တို့ကလည်း NFT တွေ ထောက်ပံ့ဖို့ စီစဉ်နေကြပါတယ်။
အနုပညာလက်ရာ၊ ဂိမ်းနဲ့ Collectible အပါအဝင် NFT တွေဟာ ပြီးခဲ့တဲ့နှစ်မှာ ဒေါ်လာ ၁၇.၇ ဘီလီယမ်ဖိုး ရောင်းချနိုင်ခဲ့ပါတယ်။ ဂီတ နယ်ပယ်မှာလည်း NFT တွေ ထင်ပေါ်ကျော်ကြားလာမယ်လို့ ပညာရှင်တွေက တွက်ချက်ထားကြပါတယ်။
ဂီတ နယ်ပယ်က နာမည်ကြီးတွေ ဖြစ်တဲ့ Snoop Dogg နဲ့ DJ Steve Aoki တို့ဟာ NFT နယ်ပယ်ထဲကို ဝင်ရောက်လာကြပြီ ဖြစ်သလို Kings of Leon နဲ့ Grimes တို့ဟာ သူတို့ရဲ့ သီချင်းတွေကို NFT တွေနဲ့ ရောင်းချနေကြပါတယ်။
Ref : bitcoinist