မင်းသားကြီး Bill Murray ဟာ နာမည်ကြီး ဓါတ်ပုံ ဝက်ဘ်ဆိုက်နဲ့ Streaming ကုမ္ပဏီ The Chive နဲ့ ပူးပေါင်းကာ NFT နယ်ပယ်ထဲ ဝင်ရောက်လာပါတယ်။ သူ့ရဲ့ ဘဝဇာတ်လမ်းတွေကို အခြေပြု ဖန်တီးထားတဲ့ NFT Collection ဖြစ်ပြီး NFT ပေါင်း ၁၀၀၀ ပါဝင်ပါတယ်။ NFT တွေမှာ Murray ရဲ့ ဓါတ်ပုံတွေနဲ့အတူ သူ့ ဘဝ ဇာတ်လမ်းတွေကို ထည့်သွင်းထားပါတယ်။
The Hollywood Reporter က The Chive ရဲ့ ရုံးခန်းကို သွားရောက်ခဲ့ပြီး Murray ရဲ့ NFT တွေကို လေ့လာခွင့်ရခဲ့ပါတယ်။ Murray ရဲ့ ဘဝ ဇာတ်လမ်းတွေထဲမှာ မင်းသား ဘဝ အတွေ့အကြုံတွေနဲ့ သူ့ရဲ့ အတွေးအခေါ်တွေကို ထည့်သွင်းထားပါတယ်။
အနုပညာရှင် David Grizzle ဖန်တီးပေးထားတဲ့ NFT Hero ပုံ အပါအဝင် မင်းသားကြီး Murray ရဲ့ NFT နဲ့ ဘဝဇာတ်လမ်းတွေရဲ့ သတင်းအချက်အလက် အသေးစိတ်ကို လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်း သိရတော့မှာ ဖြစ်ပါတယ်။ ပထမဆုံး လေလံတင် ရောင်းချတဲ့ Token ကနေ ရတဲ့ ငွေကြေးတွေကို ပရဟိတ အဖွဲ့အစည်းကို လှူဒါန်းမှာ ဖြစ်ပါတယ်။
NFT တွေဟာ ဒစ်ဂျစ်တယ် ပစ္စည်းတွေ ဖြစ်ပြီး ပိုင်ဆိုင်သူကို Blockchain နည်းပညာမှာ မှတ်တမ်းတင်ပေးထားပါတယ်။ NFT လို့ ဆိုရာမှာ ဓါတ်ပုံ၊ ဗီဒီယို၊ ပန်းချီလို အနုပညာလက်ရာတွေ ပါဝင်ပါတယ်။ ဒီနှစ်တွေအတွင်း NFT ဟာ လူသိများ ထင်ရှားလာပြီး ဟောလီးဝုဒ်က နာမည်ကြီး မင်းသား၊ မင်းသမီးတွေဟာ NFT နယ်ပယ်ထဲ ဝင်ရောက်လာကြပါတယ်။
Ref : Hollywoodreporter