တန်ဖိုးကြီး လက်ဝတ်ရတနာတွေကို ရောင်းချနေတဲ့ Mouawad က Icecap နဲ့ ပူးပေါင်းကာ Miss Universe Crown ကို NFT or Non-fungible Token အနေနဲ့ ရောင်းချမယ်လို့ ကြေညာလိုက်ပါတယ်။ Miss Universe Crown ကို ဒူဘိုင်း အခြေစိုက် Mouawad က ဖန်တီးထားတာ ဖြစ်ပြီး Icecap ကတော့ Blockchain အခြေပြု Diamond NFT တွေကို ဖန်တီးရာမှာ နာမည်ကြီးပါတယ်။
တောင်အာဖရိကက ၂၀၁၉ ခုနှစ် Miss Universe Winner Zozibini Tunzi နဲ့ မက္ကဆီကိုက ၂၀၂၀ ခုနှစ် Miss Universe Winner Andrea Meza တို့ ဝတ်ဆင်ခဲ့ပြီး လက်ရှိမှာ အိန္ဒိယက ၂၀၂၁ ခုနှစ် Miss Universe Winner Harnaaz Sandhu က Miss Universe Power of Unity Crown ကို ပိုင်ဆိုင်ထားပါတယ်။
အလှမယ်တွေရဲ့ သရဖူကို NFT နည်းပညာနဲ့ ရောင်းချတာ ဒါ ပထမဆုံး အကြိမ် ဖြစ်ပြီး ဝယ်ယူသူတွေဟာ Miss Universe သမိုင်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာမှာပါ။
“ ကမ္ဘာကြီးဟာ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုမှာ အရမ်းကို မြန်ဆန်နေပြီး ပြီးခဲ့တဲ့ မျိုးဆက် ၁ ခုမှာ ရရှိနိုင်ဖို့ ခက်ခဲတဲ့ အရာတွေဟာ အခု ဖြစ်လာနေပါပြီ။ “ လို့ Icecap ရဲ့ တည်ထောင်သူနဲ့ စီအီးအို Jacques Voorhees က ပြောပါတယ်။
NFT တွေဟာ ပိုင်ဆိုင်သူကို Blockchain နည်းပညာမှာ မှတ်တမ်းတင်ထားပြီး ဝယ်ယူထားသူတွေဟာ အဲဒီ ဒစ်ဂျစ်တယ် ပစ္စည်းနဲ့ ပတ်သက်တဲ့ တခြား ဒစ်ဂျစ်တယ် Content တွေကိုပါ ရရှိခံစားခွင့်ရှိပါတယ်။ Power of Unity Crown ဟာ သက်တမ်း ကုန်သွားရင် ပြတိုက်မှာ သိမ်းဆည်းထားမှာ ဖြစ်ပေမယ့် Token တွေကို အကန့်အသတ် မရှိ ကြိမ်ဖန်များစွာ ရောင်းချနိုင်မှာ ဖြစ်သလို ပိုင်ရှင်တွေဟာ Crown ကို လေလံတင် ရောင်းချဖို့ မဲပေးနိုင်မှာပါ။
Miss Universe Crown NFT ကို ၂၀၂၂ ခုနှစ် ဒုတိယနှစ်ဝက်မှာ Crypto အရောင်းအဝယ် ပြုလုပ်တဲ့ ပလက်ဖောင်းတချို့ကနေ ရောင်းချမယ်လို့ မျှော်လင့်ရပါတယ်။
Ref : economictimes.indiatimes