Cryptocurrency နဲ့ပတ်သက်လာရင် နိုင်ငံအတော်များများရဲ့ အုပ်ချုပ်သူတွေဟာ အခက်အခဲကြုံတွေ့ကြရပါတယ်။ ပြဿနာက ဒီဒစ်ဂျစ်တယ်ငွေကြေးကို နိုင်ငံရဲ့ ဘယ်လိုဥပဒေနဲ့ ထိန်းကျောင်းမလဲ၊ ကိုယ့်နိုင်ငံအတွက်လည်း သင့်တော်ပြီး ငွေကြေးရဲ့သဘောသဘာဝနဲ့ကိုက်ညီမဲ့ ဥပဒေမျိုးပြုလုပ်ဖို့ ဖြစ်ပါတယ်။
အာရှရဲ့ အကြီးမားဆုံးဒီမိုကရေစီနိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယကလည်း Cryptocurrency နဲ့ပတ်သက်လာရင် ရှေ့မတိုးသာ နောက်မဆုတ်သာအခြေအနေလို့ ဆိုရပါလိမ့်မယ်။ တရားဝင်လက်ခံပေးထားတယ်လို့လည်းမဆိုနိုင်သလို၊ လုံးဝပိတ်ပင်ထားတာလည်း မဟုတ်ပါဘူး။ အိန္ဒိယက ကမ္ဘာ့နိုင်ငံတွေကို စောင့်ကြည့်နေပြီး လမ်းသာမှလိုက်မယ်ဆိုတဲ့ပုံစံ ရှိနေပါတယ်။
အိန္ဒိယအနေနဲ့ ကမ္ဘာလုံးဆိုင်ရာ သဘောတူညီမှုဖြစ်ပေါ်လာမှသာ သူတို့နိုင်ငံအတွင်း Cryptocurrencies နဲ့ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုတွေအတွက် ဥပဒေပြုထိန်းချုပ်ခြင်းကို အတည်တကျလုပ်ဆောင်သွားမယ်လို့ ဒီကိစ္စနဲ့နီးစပ်တဲ့ပုဂ္ဂိုလ်တစ်ဦးကပြောကြောင်း The Times of India က ရေးသားဖော်ပြခဲ့ပါတယ်။
ကနဦးတုန်းကတော့ အိန္ဒိယဟာ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုတွေအတွက် ပြဋ္ဌာန်းချက်တွေကိုထိန်းညှိဖို့၊ ဒါမှမဟုတ် တင်းကျပ်ဖို့ ဥပဒေတစ်ရပ်ကိုစီစဉ်နေကြောင်း ဖော်ပြခဲ့ကြပါတယ်။The Times of India ကတော့ သူတို့ရဲ့သတင်းရင်းမြစ်နဲ့ အင်တာဗျူးကိုကိုးကားပြီး ဒီလိုမျိုးဥပဒေတစ်ရပ်စီစဉ်နေခြင်းမရှိဘူးလို့ အခိုင်အမာရေးသားဖော်ပြလာတာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ The Times of India ရဲ့ ဖော်ပြချက်နဲ့ပတ်သက်ပြီး အိန္ဒိယဘဏ္ဍာရေဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပေးခြင်း မရှိသေးပါဘူး။ နှစ်အတန်ကြာခဲ့ပြီးတဲ့နောက် ဝန်ကြီးချုပ်မိုဒီအစိုးရဟာ ဧပြီလ ၁ ရက်နေ့ကနေစပြီး ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုတွေရဲ့ ဝင်ငွေခွန်ကို ၃၀% နဲ့ကောက်ခံကြောင်း ကြေညာခဲ့ပါတယ်။ ဒါဟာ မြင်းပွဲ၊ ထီ တို့လိုလုပ်ငန်းတွေထက် ပိုပြီးများပြားတဲ့ကုန်ကျစရိတ်လည်း ဖြစ်ပါတယ်။
Ref: The Times of India