Meta က Diem Cryptocurrency ကို ထုတ်လုပ်ဖို့ လက်လျှော့ကောင်းလျှော့လိုက်ပေမယ့် ငွေကြေး ထုတ်ကုန်တွေကို ထုတ်လုပ်ဖို့ နည်းလမ်းတွေ ရှာဖွေနေတယ်လို့ သတင်းထွက်လာပါတယ်။ Meta ဟာ Virtual Currency ၁ ခုကို ဖန်တီးနေပြီး ဝန်ထမ်းတွေက ‘Zuck Bucks’ လို့ ခေါ်နေကြတယ်လို့ သိရပါတယ်။
Meta ရဲ့ တည်ထောင်သူနဲ့ စီအီးအို Mark Zuckerberg ကို ရည်ညွှန်းကာ ‘Zuck Bucks’ လို့ နာမည်ပေးထားတာ ဖြစ်ပြီး အဲဒါဟာ Cryptocurrency မဟုတ်နိုင်ပါဘူး။ ကုမ္ပဏီက ထိန်းချုပ်ထားတဲ့ In-app Token ဖြစ်နိုင်ပြီး နာမည်ကြီး ကလေး ဂိမ်း Roblox ရဲ့ Robux Currency လိုမျိုး ဖြစ်နိုင်ပါတယ်။ Roblox ဟာ Robux ကို ရောင်းချတဲ့ ကြီးမားတဲ့ စီးပွားရေး လုပ်ငန်းကို တည်ထောင်ထားပြီး Meta ကလည်း အလားတူ စီးပွားရေး ပလက်ဖောင်းကို တည်ထောင်ချင်ပုံရပါတယ်။
Meta ဟာ Facebook မှာ NFT တွေ ပို့စ်တင်နိုင်၊ မျှဝေနိုင်တဲ့ နည်းလမ်းတွေကို ရှာဖွေနေပြီး ဒီ ဝန်ဆောင်မှုကို မေလလယ်မှာ စတင်နိုင်ဖို့ ရည်မှန်းထားပါတယ်။ အဲဒီနောက်မှာ Meta ဟာ NFT ပိုင်ဆိုင်သူတွေအတွက် Group တွေ ဖွဲ့စည်းနိုင်ကာ NFT တွေ အရောင်းအဝယ်ပြုလုပ်နိုင်အောင် စီစဉ်ပေးလာနိုင်ပါတယ်။ Meta ဟာ Facebook နဲ့ Instagram အတွက် NFT စီမံကိန်းကို ဇန်နဝါရီလမှာ စတင်ခဲ့ပြီး Zuckerberg က NFT တွေ Instagram ကို လာမယ်လို့ မတ်လမှာ ကြေညာခဲ့ပါတယ်။
Meta ရဲ့ ပြောရေးဆိုခွင့်ရှိသူ Lauren Dickson က “ လက်ရှိမှာ သတင်းပါးစရာ မရှိသေးပါဘူး။ Meta ဟာ လူတွေ၊ စီးပွားရေး လုပ်ငန်းတွေနဲ့ Creator တွေအတွက် ထူးခြားဆန်းသစ်တဲ့ ထုတ်ကုန်တွေကို အမြဲ စဉ်းစားနေပါတယ်။ Metaverse ကို တည်ထောင်ဖို့ အာရုံစိုက်ထားပြီး အဲဒီမှာ ငွေကြေး ဝန်ဆောင်မှုတွေ ပါလာနိုင်ပါတယ်။ “ လို့ ပြောပါတယ်။
Ref : theverge