NASA ဟာ သူ့ရဲ့ ဧရာမ မျိုးဆက်သစ် အာကာသလွှတ်တင်ရေးစနစ် (SLS) ဒုံးပျံကို လွှတ်တင်ရာမှာ Engine bleed issue ကြောင့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ရတယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ SLS ဟာ NASA Artemis program ရဲ့ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ပြီး ၂၀၂၅ ခုနှစ်မှာ လပေါ်ကို လူသားတွေ ပြန်လည်ပို့ဆောင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

SLS ဟာ သတ်မှတ်ချိန်မှာ လွှတ်တင်ဖို့ စီစဉ်ထားပေမဲ့လည်း NASA ကအောင်မြင်စွာနဲ့ လွှတ်တင်နိုင်ခြင်းမရှိဘူးလို့ ဆုံးဖြတ်ပြီးတဲ့နောက် အစီအစဉ်ကို ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။ အင်ဂျင် နံပါတ် ၃ ဟာ လွှတ်တင်ဖို့အတွက် သင့်တော်တဲ့ အပူချိန်အကွာအဝေးကို မရောက်နိုင်တာကြောင့်လို့ သိရပါတယ်။ ဒါပေမဲ့ ဒုံးပျံဟာ လုံခြုံစိတ်ချရတဲ့ အခြေအနေမှာ တည်တည်ငြိမ်ငြိမ်ရှိနေတယ်လို့ အေဂျင်စီက ဆိုပါတယ်။

လက်ရှိကြုံတွေလိုက်ရတဲ့ ပြဿနာကို အင်ဂျင်နီယာတွေက ဖြေရှင်းနေပြီး နောက်တစ်ကြိမ်ကြိုးစားမှုအဖြစ် လာမဲ့ စက်တင်ဘာလ ၂ ရက်နေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ အကယ်၍ အဆိုပါပစ်လွှတ်မှုအောင်မြင်မယ်ဆိုရင် မစ်ရှင်ဟာ ၃၉ ရက်ကြာမြင့်မှာဖြစ်ပြီး Orion ဟာ အောက်တိုဘာလ ၁၁ ရက်နေ့မှာ သမုဒ္ဒရာထဲ ပြန်ကျလာမယ်လို့ သိရပါတယ်။

Ref: The Verge