တိုယိုတာ ရဲ့ CUE6 ဟာ ဘတ်စကတ်ဘောကို အဝေးဆုံး ပစ်နိုင်တဲ့ လူတူစက်ရုပ် အဖြစ် ဂင်းနစ် ကမ္ဘာ့ စံချိန်တင်သွားပါတယ်။

အဲဒီ စက်ရုပ်မှာ AI နည်းပညာ ထည့်သွင်းထားပြီး ၂၄.၅၅ မီတာ (၈၀ ပေ ၆ လက်မ) အကွာအဝေး ကနေ ခက်ခက်ခဲခဲ ပိုက်ထဲကို ပစ်သွင်းနိုင်ကာ အခုလို စံချိန်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအောင်မြင်မှုကို စက်တင်ဘာလ ၂၆ ရက်နေ့မှာ ဂျပန် နိုင်ငံ Aichi ၊ Nagakute မှာ ရရှိခဲ့တာ ဖြစ်ပါတယ်။ မျက်လုံးထဲမြင်အောင် ပြောရရင်  NBA ဘတ်စကတ်ဘော ကွင်း အရှည်ဟာ ၂၉ မီတာ (၉၄ ပေ) ရှိပါတယ်။

Basketball robot can't jump, but it sure can shoot - The Washington Post

တိုယိုတာရဲ့ ဝန်ထမ်း ၉ ယောက်ဟာ CUE ကို ၂၀၁၇ ခုနှစ်က စတင် ဖန်တီးခဲ့တာ ဖြစ်ပြီး ဒီနှစ်တွေအတွင်း စက်ရုပ်ရဲ့ ဘတ်စကတ်ဘော ပစ်တဲ့ တိကျမှုနဲ့ အကွာအဝေးဟာ တိုးတက်ကောင်းမွန်ခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှာ B.League All-star Game မှာ စက်ရုပ်ဟာ စွမ်းရည်ပြသခဲ့ပါတယ်။

CUE ဟာ ဒီဇိုင်း လှပသလို ဉာဏ်ရည်မြင့်မားပါတယ်။ AI နည်းပညာ ပါတဲ့ စက်ရုပ်ဟာ အမှားတွေကနေ လေ့လာသင်ကြားနိုင်ပြီး ဘတ်စကတ်ဘော ပစ်တဲ့ ကိုယ်နေဟန်ထား၊ လက် အနေအထားနဲ့ အကွာအဝေးကို ပြင်ဆင်နိုင်ပါတယ်။

ဒီနေ့ခေတ်မှာ လူသားတွေကို အကျိုးပြုတဲ့ စက်ရုပ်များစွာ ပေါ်ပေါက်လာပြီ ဖြစ်ပါတယ်။ တိုယိုတာရဲ့ CUE လို အပျော်တမ်း စက်ရုပ်တွေဟာလည်း အားကစားလောကကို ဘယ်လို ပြောင်းလဲပေးမလဲ ဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။

Ref : msn