စမတ်ဖုန်းတစ်ခုကို ဝယ်ယူတော့မယ်ဆိုရင် အဓိကရွေးချယ်ရမှာက Android နဲ့ iOS ဆိုတဲ့ Operating System ၂ ခုပဲရှိမှာဖြစ်ပါတယ်။ Android ကိုတော့ ပြင်ဆင်နိုင်စွမ်းမြင့်မားတဲ့အတွက် လူကြိုက်များကြသလို iOS ကိုတော့ စိတ်ချရပြီး အသုံးပြုရတာချောမွေ့တဲ့အတွက် ကြိုက်နှစ်သက်ကြတာဖြစ်ပါတယ်။

ဒါပေမယ့် လူငယ်တွေအနေနဲ့ စမတ်ဖုန်းအသစ်ကို ဝယ်ယူမယ်ဆိုရင် ဘယ်ဖုန်းကို ရွေးချယ်မလဲဆိုတဲ့ စစ်တမ်းမှာတော့ Android ဖုန်းတွေထက် iPhone ကိုပဲ လူငယ်ပေါင်း ၈၀ ရာခိုင်နှုန်းက အမှတ်ပေးပြီး ရွေးချယ်ခဲ့ကြပါတယ်။

အခုစစ်တမ်းဟာ အမေရိကန်မှာရှိတဲ့ ပြည်နယ် ၄၀ ကျော်မှာရှိတဲ့ လူငယ်တွေကို မေးမြန်းခဲ့တာဖြစ်ပြီးတော့ ၈၂ ရာခိုင်နှုန်းသောအဖြေက Apple iPhone ပဲဖြစ်ပြီး ၁၂ ရာခိုင်နှုန်းကပဲ Android ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအတွက် Android စမတ်ဖုန်းတွေက အခုအချိန်မှာ တဖြည်းဖြည်း များပြားလာတယ်ဆိုပေမယ့်လည်း Apple iPhone ကတော့ လူတိုင်းရဲ့ အလိုချင်ဆုံးစမတ်ဖုန်းဖြစ်နေဆဲပဲလို့ ပြောရမှာပါ။