အမေရိကန်အခြေစိုက်ကုမ္ပဏီ Amazon ဟာ လက်ရှိမှာ Google ရဲ့ Stadia နဲ့ Nvidia ရဲ့ GeForce တို့နဲ့ အလားတူတဲ့ Game Streaming ပလက်ဖောင်းတစ်ခုကို ဖန်တီးနေပြီလို့ သတင်းထွက်လာပါတယ်။ ဒီကုမ္ပဏီကြီးဟာ သူ့ရဲ့ Cloud နည်းပညာကို အခြေခံပြီး ဗီဒီယိုဂိမ်းဈေးကွက်ထဲကို ခြေချဖို့ ထပ်ကြိုးစားလာမှာဖြစ်ပါတယ်။

Game Streaming ဝန်ဆောင်မှုတွေဟာ ကိုယ့်မှာဈေးကြီးပေးဝယ်ထားရတဲ့ Gaming PC တွေရှိစရာမလိုဘဲ လစဉ်ကြေးပေးသွင်းရုံနဲ့ ဂိမ်းတွေကို တိုက်ရိုက်ဆွဲယူဆော့ကစားနိုင်မှာဖြစ်ပါတယ်။ ဗီဒီယို Streaming ပလက်ဖောင်းတွေလို သူ့ Library ထဲမှာရှိတဲ့ ဂိမ်းအကုန်လုံးကို အင်တာနက်လိုင်းကောင်းကောင်းရှိရင် ကြိုက်ရာဆွဲယူပြီး နီးစပ်ရာရုပ်သံစက်တစ်ခုမှာ ကြိုက်တဲ့ Quality နဲ့ ကစားနိုင်မှာပါ။

စိတ်ဝင်စားစရာကောင်းတာတစ်ခုကတော့ Amazon ဟာ “Crucible” လို့အမည်ရတဲ့ ဂိမ်းတစ်ခုကို ဖန်တီးနေတာ ၂၀၁၄ ခုနှစ်ထဲကဖြစ်ပြီး ဒီဂိမ်းကို သူ့ရဲ့ Game Streaming ပလက်ဖောင်းအသစ်မှာမြင်ရမှာဖြစ်ပါတယ်။ Crucible နဲ့အတူ MMO (Massively Multiplayer Online) ဂိမ်းအသစ်တစ်ခုဖြစ်တဲ့ “New World” ဆိုတဲ့ ဂိမ်းတစ်ခုကိုလည်း Amazon က ပွဲထုတ်လာမှာဖြစ်ပါတယ်။

ဒီဂိမ်းတွေဟာ ပြီးခဲ့တဲ့လထဲက ထွက်လာရမှာဖြစ်ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် မေလထိ နောက်ဆုတ်ထားရပါတယ်။ အခုတော့ ဒီဂိမ်းတွေနဲ့အတူ Amazon ရဲ့ပလက်ဖောင်းအသစ်ပါ ထွက်လာမယ်ဆိုတာ သိခဲ့ရပါပြီ။ Amazon ရဲ့ပလက်ဖောင်းအသစ်ကို “Project Temp” လို့ခေါ်ပြီး လက်ရှိ Streaming ထိပ်သီးဖြစ်တဲ့ Twitch နဲ့လည်း ပူးပေါင်းမှုတွေရှိတယ်လို့သိရပါတယ်။

Ref – GSM Arena