Xiaomi ကထုတ်လုပ်ထားတဲ့ Mi A1 ဖုန်းဟာ Android One အမျိုးအစားဖုန်းတစ်ခုဖြစ်ပြီး အခြား Xiaomi ဖုန်းတွေလိုမျိုး MIUI OS ကို အသုံးပြုထားတာမဟုတ်ပဲ Android OS အစစ်ကိုပဲ အသုံးပြုထားတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း Xiaomi Mi A1 ဖုန်းဟာ ရောင်းချတဲ့အချိန်ကနေ အခုအချိန်အထိ Android Version 7.1.2 Nougat မှာပဲရှိနေသေးတာဖြစ်ပြီးတော့ ထုတ်ပြန်တဲ့အချိန်တုန်းက ယခုနှစ်မကုန်ခင် Android 8.0 Oreo ရရှိမယ်လို့ ပြောကြားခဲ့ပေမယ့် တကယ်မဖြစ်လာသေးပါဘူး။

ဒါပေမယ့် Xiaomi က အခုအချိန်မှာ Mi A1 အသုံးပြုသူတွေထဲက အချို့ကို Android 8.0 Oreo ကို စမ်းသပ်ဖို့အတွက် Beta Tester အနေနဲ့ ခေါ်နေပြီဖြစ်ပါတယ်။ အဆိုပါ Beta Tester ဝင်ရောက်ဖို့ကို လာမယ့် ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ လက်ခံနေမှာဖြစ်ပြီးတော့ Beta Version ဖြစ်တဲ့အတွက် Error အချို့ရှိလာနိုင်ပါသေးတယ်။

အခုမှ Beta Tester တွေကို ခေါ်ယူပြီး စတင်စမ်းသပ်နေတဲ့အတွက်ကြောင့် Xiaomi Mi A1 ဖုန်းက Android 8.0 Oreo ကို ဒီနှစ်မကုန်ခင် Update ပြုလုပ်နိုင်ပါ့မလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။