Smartphone တွေက တစ်ဖြည်းဖြည်းနဲ့ ပိုကောင်းလာပါပြီ။ ပိုကောင်းလာအောင်လည်း အသုံးပြုတဲ့အတွေ့အကြုံက အဓိကဖြစ်နေပါတယ်။ ဒါကြောင့် ကုမ္ပဏီတော်တော်များများကလည်း လက်ထဲမှာကိုင်လိုက်တိုင်း ဖုန်းက သုံးလို့ကောင်းနေအောင် အမြဲစဉ်းစားပြီး ထုတ်လုပ်ကြပါတယ်။

အမျိုးမျိုးဆင့်ကဲပြောင်းလဲလာပြီးနောက်မှာတော့ ဖုန်းတွေဟာ ပိုပါးလာသလို Display တွေလည်းပိုတိုးတက်လာပါတယ်။ Display တွေကတော့ အခုနောက်ပိုင်းမှာ သိသာတဲ့ ပြောင်းလဲမှုတွေကိုသယ်ဆောင်လာတာ မရိုးနိုင်အောင်ပါပဲ။ Bezel တွေကိုပိုပါးအောင်လုပ်လာကြရင်း နည်းအမျိုးမျိုးနဲ့ Design အမျိုးမျိုးသုံးပြီး Display တွေကို ပုံစံပြောင်းလာစေခဲ့ကြပါတယ်။

Display တွေနေရာပိုများလာတာနဲ့အမျှ ထပ်တူလိုက်ပြောင်းလဲလာရတာကတော့ Software ပါ။ Apple ကတော့ iPhone X ရဲ့ကွဲပြားတဲ့ Design ကြောင့် iOS ကိုပါ အနည်းငယ်အပြောင်းအလဲလေးတွေ လုပ်ပေးလိုက်ရပါတယ်။ Google ရဲ့ Android OS ကလည်း ပြောင်းလဲလာတဲ့ Smartphone Design တွေအပေါ်လိုက်ပြီး ပြောင်းလဲမှုတွေထည့်ပေးလာပါပြီ။

Android O မှာ Notch တွေအတွက် အထောက်အပံပေးလာပြီဖြစ်တာကြောာင့် Notch နဲ့ပတ်သက်တာတွေကို Software ကသိရှိနားလည်တဲ့အတွက် UI ပိုင်းကအစ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတာမျိုးတွေမရှိနိုင်တော့ပါဘူး။ နောက်ထွက်မယ့် Android P မှာတော့ Notch တွေကို Support ပေးတဲ့အပြင် Full Screen Phone တွေမှာ မရှိမဖြစ်လိုအပ်တဲ့ On Screen Navigation Bar အတွက် အပြောင်းအလဲတွေတွေ့လာရပါပြီ။

Android P မှာတော့ ပါနေကျ Android ခလုတ်တွေဖြစ်တဲ့ Back, Home နဲ့ Recent တွေကိုမတွေ့ရတော့ပဲ Home နဲ့ Back ခလုတ်တွေကိုသာ တွေ့ရပါတယ်။ Recent မပါတော့တာက Home ကနေပဲ Multitasking ကိုခေါ်လို့ရနိုင်တာဖြစ်လို့ပါ။ Home ဘေးက Back ခလုတ်ကလည်း Back ပြန်သွားဖို့ လိုအပ်မှပဲ ပေါ်လာမှာဖြစ်ပါတယ်။

Google အနေနဲ့ Apple လိုမျိုး ရိုးရှင်းတဲ့ ခလုတ်တစ်ခုတည်းပဲ ရှိစေချင်တာမျိုးပါ။ Home Button ကလည်း အရင်ကလို မဟုတ်တော့ပဲ ရှည်ရှည်ပြားပြားလေးဖြစ်လာပါပြီ။ Gesture တွေပါလာခဲ့ရင်တော့ ပိုပြီး အမြင်ရှင်းတဲ့ Android UI Experience ကိုရရှိစေမှာ အမှန်ပါပဲ။