ပြီးခဲ့တဲ့ ဒီဇင်ဘာလ နောက်ဆုံးပတ်ကစပြီး Apple Car အကြောင်း သတင်းတွေပြန်ပြီး ထွက်ပေါ်လာခဲ့ပါတယ်။ စိတ်ဝင်စားစရာအကောင်းဆုံးဖြစ်ခဲ့တာက ဇန်နဝါရီလ ဒုတိယပတ်မှာထွက်ပေါ်ခဲ့တဲ့ လျှပ်စစ်ကား ထုတ်လုပ်ဖို့အတွက် Apple နဲ့ Hyundai Motor တို့က သဘောတူညီမှုရလုနီးပြီဆိုတဲ့ သတင်းပါ။

အခုတစ်ခါ ထပ်ထွက်လာတဲ့သတင်းက Apple နဲ့ KIA တို့ဟာ လျှပ်စစ်ကားထုတ်လုပ်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံရင်းနှီးမြှုပ်နှံမယ့်သဘောတူညီချက်ကို အကောင်အထည်ဖော်နိုင်ဖို့ နီးကပ်နေပြီဆိုတာပါပဲ၊ ဒီသတင်းကို DongA ကဖော်ပြခဲ့ပြီး GSM Arena ကလည်း ထပ်ဆင့်ကိုးကားဖော်ပြခဲ့ပါတယ်။

KIA ဟာ Hyundai ရဲ့ လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်တာကြောင့် မူလထွက်ပေါ်ခဲ့တဲ့ သတင်းဟာ မှန်ကန်တယ်လို့ဆိုရမှာပဲ ဖြစ်ပါတယ်။ ဒီကုမ္ပဏီနှစ်ခုဟာ အမေရိကန်နိုင်ငံ ဂျော်ဂျီယာမှာရှိတဲ့ ထုတ်လုပ်ရေ:ဆိုက်မှာ လုပ်ကိုင်ဖို့ စီစဉ်နေတယ်လို့သိရပါတယ်။ လျှပ်စစ်ကား ထုတ်လုပ်မှုကတော့ လာမယ့် ၂၀၂၄ ခုနှစ်မှ စတင်မယ်လို့ မျှော်လင့်ရပါတယ်။

Apple ကတော့ စတင်ထုတ်လုပ်တဲ့နှစ်မှာ အစီးရေ ၁ သိန်းဖြစ်ဖို့ ရည်မှန်းထားပြီး နောက်နှစ်တွေမှာတော့ အစီးရေ ၄ သိန်းထိတိုးချဲ့သွားနိုင်ဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။ ဒီသတင်းအရ Apple နဲ့ Hyundai တို့ဟာ လျှပ်စစ်ကားထုတ်လုပ်မှုမှာ စီးပွားရေးမိတ်ဖက်အဖြစ် အပြန်အလှန်မှီခိုနေကြကြောင်းကို မီးမောင်းထိုးပြနေတာလည်း ဖြစ်ပါတယ်။

အဓိကအကြောင်းရင်းကတော့ ဧရာမမော်တော်ယာဉ်ထုတ်လုပ်မှုကုမ္ပဏီကြီး E-GMP ရဲ့ လျှပ်စစ်ယာဉ်ပလက်ဖောင်းကြောင့် ဖြစ်ပါတယ်။ KIA ကတော့ ထုတ်လုပ်ခြင်းအပိုင်းမှာ ချောမွေ့အောင်ကိုင်တွယ်ပေးဖို့ ဖြစ်ပါတယ်။ အဲဒီအချိန်မှာတော့ Apple ဟာ Self-driving ဒါမှမဟုတ် Autonomous system တွေကို ထိန်းချုပ်မယ်လို့ ယုံကြည်ရပါတယ်။

Ref: Gizmochina