Apple ဟာ High End Headphone ကို မိတ်ဆက်ဖို့ရှိနေတယ်ဆိုပြီး သတင်းတွေထွက်ရှိနေခဲ့တာ အချိန်အတော်ကြာနေပြီဖြစ်ပါတယ်။ အခုအချိန်မှာတော့ AirPods Max လို့ နာမည်ပေးထားတဲ့ Active Noise Cancellation Headphone ကို တရားဝင်မိတ်ဆက်လိုက်ပါပြီ။

အရင်ဆုံး AirPods Max Headphone ဟာ စျေးနှုန်းအနေနဲ့ $549 (မြန်မာငွေ ၇ သိန်းခွဲဝန်းကျင်) ကျသင့်မှာဖြစ်ပြီး Apple Brand အောက်ကနေ ထွက်လာတဲ့ ပထမဆုံး Over-ear Headphone လည်း ဖြစ်ပါတယ်။ စတင်ရောင်းချမယ့်အချိန်ကတော့ ဒီဇင်ဘာလ ၁၅ ရက်နေ့ဖြစ်တယ်လို့ သိရပါတယ်။

AirPods Max Headphone ဟာ Active Noise Cancellation (ANC) ပါဝင်တဲ့ AirPods Pro လိုမျိုးပဲ Adaptive EQ ၊ Transparency Mode ၊ Spatial Audio နဲ့ Audio Sharing လိုမျိုး Feature တွေလည်းထည့်သွင်းထားပါတယ်။ ဒါတင်မဟုတ်သေးဘဲ Apple Watch တွေလိုမျိုး Digital Crown ကို ထည့်သွင်းထားပြီး Play ၊ Pause ၊ Skip Tracks အပြင် Volume Control ၊ Siri လိုမျိုး Function တွေကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Noise Cancelling Mode နဲ့ Transparency Mode ကို ပြောင်းလဲပေးမယ့် “Noise Control” ခလုတ်လည်းပါဝင်မှာပါ။

Apple ရဲ့ ပြောကြားချက်အရတော့ Headband ကို Breathable Knit Mesh Canopy နဲ့ ပြုလုပ်ထားပြီး ဝတ်ဆင်ရတာ သက်တောင့်သက်သာရှိစေမှာဖြစ်ပါတယ်။ ခိုင်ခံမှုအတွက်လည်း Stainless Steel Headband Frame ကို အသုံးပြုပေးထားတယ်လို့ သိရပါတယ်။ Ear Cup တစ်ခုချင်းစီကိုလည်း စိတ်ကြိုက် ပြင်ဆင်နိုင်ပြီး Magnet ကို အသုံးပြုပြီး ကပ်ထားရမှာဖြစ်ပါတယ်။

Battery ပိုင်းအနေနဲ့ကတော့ တစ်ကြိမ်အားသွင်းထားရင် နာရီ ၂၀ ခန့် အသုံးပြုနိုင်မှာဖြစ်ပြီး ၅ မိနစ်အားသွင်းတာနဲ့ မိနစ် ၉၀ ခန့် အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ ဒါပေမယ့် အားပြန်လည်သွင်းတဲ့အချိန်မှာတော့ Lightning Connector နဲ့ပဲ အားသွင်းရမှာဖြစ်ပါတယ်။

AirPods Max Headphone အပြင် တွဲဖက်အသုံးပြုရမယ့် Smart Case ကိုပါ ရောင်းချသွားမှာဖြစ်ပေမယ့် Hard Case ကိုတော့ ရောင်းချခြင်းမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် AirPods Max Headphone က စျေးနှုန်းအရ လက်ရှိအကောင်းဆုံး  Sony WH-1000XM4 နဲ့ Bose 700 Headphone တွေထက် စျေးပိုများနေတဲ့အတွက် Quality ပိုင်းမှာရော ပိုကောင်းမလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – The Verge