iPhone 12 စီးရီးကို ဖြန့်ချိတော့ ဟိုအရင်တုန်းကလိုမျိုး ဘူးထဲမှာ Power adapater တို့ EarPods တို့ကို ထည့်သွင်းပေးခြင်း မရှိတော့ပါဘူး။ ဒီအတွက် ပြိုင်ဘက်အမှတ်တံဆိပ်တွေရဲ့ လှောင်ပြောင်မှုကို ခံခဲ့ရပေမယ့် Apple ကတော့ သူ့ရဲ့ရည်ရွယ်ချက်ကို ရဲရဲဝံ့ဝံ့ပဲအကောင်အထည်ဖော်ခဲ့ပါပြီ ဖြစ်ပါတယ်။

သဘာဝပတ်ဝန်းကျင်အတွက် စွန့်ပစ်ပစ္စည်းတွေလျှော့ချဖို့ရည်ရွယ်တယ်လို့ ကြွေးကြော်ပြီး ဒီခြေလှမ်းကို စတင်ခဲ့တာဖြစ်ပါတယ်။ Apple ဟာ iPhone 12 လက်လီဘူးတွေထဲက EarPods တွေကိုဖယ်ထုတ်ခြင်းကနေ အကျိုးအမြတ်ကို အစောကတည်းက ရနေနှင့်ပြီလို့ DigiTimes ထောက်ပြပြောဆိုခဲ့ပါတယ်။

iPhone 12 မှာ EarPods တွေ ထည့်သွင်းမထားခြင်းက Apple အနေနဲ့ AirPods သာမက၊ အခြား Hearables တွေရဲ့ ရောင်းအားကို တက်စေမယ်လို့ မျှော်လင့်ရပါတယ်။ Apple ဟာ Neckband-style Beats Flex ကို $49.99 (၆ သောင်းခွဲဝန်းကျင်) နဲ့ iPhone 12 တွေမိတ်ဆက်ကတည်းက အတူကြေညာခဲ့တာပါ။ ပြီးတော့ အောက်တိုဘာ ၂၃ ရက်မှာ စတင်ရောင်းချခဲ့ပါတယ်။ Apple ရဲ့ အကွက်လေးတွေ လှတယ်လို့ပဲ ပြောရမှာပါ။

ထောက်ပံ့ရေးကွင်းဆက်အတွင်းသတင်းတွေအရ Beats Flex ဟာ အစကောင်းနေပြီး လာမယ့်နှစ်ရဲ့ ပထမနှစ်ဝက်အတွင်းမှာ ရောင်းအားဟာ အရှိန်အဟုန်ကောင်းလာမယ်လို့ မျှော်လင့်ရတယ်လို့ သိရပါတယ်။ Counterpoint research ရဲ့ အစီရင်ခံစာမှာလည်း ၂၀၂၀ ရဲ့ ဒုတိယသုံးလပတ်မှာ True Wireless Earphones (TWS) ဈေးကွက်ရဲ့ ၃၅% ကို AirPods က ရယူထားတယ်လို့ ဖော်ပြထားပါတယ်။

TWS ရဲ့ရောင်းအားဟာ တတိယသုံးလပတ်မှာ အမြင့်ဆုံးဖြစ်လေ့ရှိပြီး လေးလပတ်ကာလမှာတော့ ပြန်လည်လျော့ကျသွားလေ့ရှိပါတယ်။ ဒါပေမယ့်လည်း ဒီနှစ်မှာတော့ Work From Home လုပ်ကိုင်သူများတဲ့အတွက် ရောင်းအားက ဆက်ပြီးခိုင်မာနေဆဲဖြစ်တာကြောင့် စမတ်ဖုန်းအသစ်နဲ့ နားကြပ်တွေရဲ့ ချိတ်ဆက်မှုဟာ ပြတ်တောက်မသွားဘဲ ပိုကောင်းတဲ့အလားအလာတစ်ရပ်ကို မျှော်လင့်လာနိုင်တယ်လို့ ဆိုပါတယ်။ Ganalys ကတော့ ၂၀၂၀ တစ်နှစ်လုံးအတိုင်းအတာအရ TWS ရောင်းအားဟာ ၂၉% အထိ တိုးတက်လာမယ်လို့ ခန့်မှန်းထားပါတယ်။

Ref: Phone Arena