Apple ဟာ လက်ရှိအချိန်အထိ Foldable စမတ်ဖုန်းကို မိတ်ဆက်ခြင်းမရှိသေးတဲ့ စမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ Google ဆိုရင်လည်း ယခုနှစ်မှာ Pixel Foldable ဖုန်းကို မိတ်ဆက်ဖို့စီစဥ်ထားတာကြောင့် နောက်ပိုင်းမှာ Apple ဟာ Foldable Device တစ်ခုခုကို ထုတ်လုပ်သွားနိုင်ခြေရှိနေပါတယ်။

ဘာကြောင့်လဲဆိုရင် Apple ဟာ Foldable Display နဲ့သက်ဆိုင်တဲ့နည်းပညာတွေကို မူပိုင်ခွင့်တွေရယူနေပြီး အခုလည်း စိတ်ဝင်စားဖို့ကောင်းတဲ့ နည်းပညာတစ်ခုကို ထပ်မံမူပိုင်ခွင့်ရယူလိုက်ပါတယ်။ အဆိုပါ မူပိုင်ခွင့်ကို US Patent and Trademark Office ကနေ အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။

Apple ကနေ နောက်ဆုံးရယူလိုက်တဲ့ မူပိုင်ခွင့်က အသုံးပြုတဲ့အချိန်မှာ Display ကို ထိခိုက်မိပြီး မှန်ကွဲတာမျိုးကို ကာကွယ်ပေးနိုင်တဲ့ Foldable Display ဒီဇိုင်းအသစ်ပဲဖြစ်ပါတယ်။ အခုလိုမျိုး မှန်ကွဲမှုတွေကို ကာကွယ်နိုင်ဖို့အတွက် Display မှာ Layer တွေအများအပြားထည့်သွင်းထားပြီး Flexible Substrate ၊ Thin-film Transistor Layer နဲ့ Protective Later တွေပါဝင်မှာဖြစ်ပါတယ်။

Apple ဟာ အခုလိုမှန်ကွဲမှုကို ကာကွယ်နိုင်တဲ့ Foldable Display နည်းပညာအပြင် အစောပိုင်းတုန်းက Self-healing Display နည်းပညာကိုပါ မူပိုင်ခွင့်ရယူခဲ့ပါသေးတယ်။ ဒါကြောင့် Display မတော်တဆခြစ်မိတာမျိုးကို အလိုအလျောက်ပြန်ကောင်းသွားအောင် ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

တချို့သတင်းတွေအရ Apple ရဲ့ ပထမဆုံး Foldable Device ဟာ iPhone အစား Foldable iPad ဖြစ်လာမယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် အခုလိုမျိုး Display နည်းပညာတွေကို အသုံးပြုလာမယ်ဆိုရင် Apple ရဲ့ Foldable Device က တော်တော်လေးစိတ်ဝင်စားဖို့ကောင်းနေပါပြီ။

Ref – Gizmo China