အိန္ဒိယနဲ့ တရုတ်နယ်စပ်ပြဿနာအပြီးမှာ နှစ်နိုင်ငံအကြား တင်းမာမှုတွေဟာ အရှိန်လျော့ကျသွားခြင်း မရှိသေးတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ရက်ကပဲ အိန္ဒိယအစိုးရဟာ Cyberspace လုံခြုံမှုနဲ့၊ အချုပ်အခြာအာဏာအတွက်ဆိုပြီး တရုတ်မိုလ်ဘိုင်း App ၅၉ ခုကို ပြည်တွင်းမှာ သုံးစွဲခွင့် ပိတ်ပင်ခဲ့ပါတယ်။

ဒီပြဿနာနဲ့ နောက်ဆက်တွဲအကျိုးဆက်ထဲမှာ အမေရိကန်အခြေစိုက် Apple ရဲ့ iPhone ထုတ်လုပ်မှုတွေလည်း ထိခိုက်လာရပါတယ်။ ပြဿနာက တရုတ်ကုန်စည်တွေကို အိန္ဒိယတွင်း တင်ပို့ခွင့် ပိတ်ပင်လိုက်တာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် iPhone အတွက် အစိတ်အပိုင်းတွေဟာ ဆိပ်ကမ်းမှာ သောင်တင်နေရပြီး စက်ရုံတွေဆီ မရောက်နိုင်သေးဘဲ ဖြစ်နေတာပါ။

အိန္ဒိယနိုင်ငံတွင်း သတင်းရင်းမြစ်တွေက ဖော်ပြချက်အရ Foxconn ဟာ အိန္ဒိယတောင်ပိုင်းမှာရှိတဲ့ စက်ရုံတွေဆီ ကုန်ကြမ်းအစိတ်အပိုင်းတွေမပို့ဆောင်နိုင်တာကြောင့် Foxconn ဝန်ထမ်းရာပေါင်းများစွာဟာ ဒီတစ်ပတ်ထဲမှာ လုပ်စရာအလုပ်မရှိဘဲဖြစ်နေကြတယ်လို့ သိရပါတယ်။ အိန္ဒိယအစိုးရအနေနဲ့ တရုတ်ကုန်စည်တင်သွင်းခွင့်ကိုယာယီသာ ပိတ်ပင်ထားတာဖြစ်ပေမယ့် ဘယ်အချိန်မှာပြန်ပြီးဖြေလျှော့ပေးမလဲဆိုတာတော့ မသိရသေးပါဘူး။

Apple ဟာ iPhone SE ကစတင်ပြီး အန္ဒိယနိုင်ငံတွင်းစက်ရုံတွေမှာ ထုတ်လုပ်နေတာဖြစ်သလို၊ iPhone XR လို ဖုန်းအသစ်တွေလည်း တိုးချဲ့ထုတ်လုပ်နေတာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံတွင်းမှာ ထုတ်လုပ်ခြင်းအားဖြင့် သွင်းကုန်ခွန်ကို လျှော့ချနိုင်ပြီး ထုတ်လုပ်မှုကုန်ကျစရိတ်လည်း ဒေါ်လာ ၁၀၀ ကနေ ၂၀၀ ကြား လျော့နည်းသွားတာ ဖြစ်ပါတယ်။

ရိုက်တာသတင်းဌာနရဲ့ ဖော်ပြချက်မှာတော့ Foxconn ဟာ အကြပ်အတည်းကြီးကြီးမားမား ကြုံတွေ့နေရတာဖြစ်ပြီး ထောင်နဲ့ချီတဲ့စက်ရုံအလုပ်သမားတွေဟာ ကုမ္ပဏီကပေးတဲ့ အဆောင်တွေမှာပဲ နေထိုင်နေကြရတယ်လို့ ဖော်ပြထားပါတယ်။ ဒါဟာ COVID-19 ကြောင့် iPhone ထုတ်လုပ်မှုတွေ နှောင့်နှေးနေရတဲ့ Apple အတွက် နောက်ထပ် ထိုးနှက်ချက်ဖြစ်လာပါတယ်။

Ref: Phone Arena