အိန္ဒိယနိုင်ငံမှာ Apple ကုမ္ပဏီက iPhones ဖုန်းထုတ်လုပ်ရေး စက်ရုံများ လာဖွင့်ဖို့ ကမ်းလှမ်းချက်အပေါ် ကြိုဆိုတယ်လို့ နည်းပညာဝန်ကြီး ရာဗီ ရှန်ကာ ပရာဆက် က ဧပြီလ ၂၂ ရက်နေ့က ပြောကြားလိုက်ပါတယ်။

အိန္ဒိယနိုင်ငံမှာဆိုရင် ဖုန်းထုတ်လုပ်ရေး ကုမ္ပဏီများနဲ့ အပိုပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ တော်တော်များများ လာရောက်ဖွင့်လှစ်ကြပါတယ်။

“မိုဘိုင်းဖုန်းထုတ်လုပ်ရေး ကုမ္ပဏီအများကြီး အိန္ဒိယနိုင်ငံမှာ လာရောက်ဖွင့်လှစ်ကြပါတယ်။ အကယ်၍ Apple ကုမ္ပဏီကလည်း ဖွင့်လှစ်ချင်တယ်ဆိုတော့ ကြိုဆိုပါတယ်”လို့ နည်းပညာ ၀န်ကြီးက နည်းပညာပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

ထုတ်လုပ်ရေး စက်ရုံဖွင့်ဖို့ကိစ္စနဲ့ ပတ်သက်ပြီး Apple ကုမ္ပဏီ အကြီးအကဲတချို့နဲ့ အသေးစိတ် ဆွေးနွေး ညှိနှိုင်းဖို့လည်း မကြာခင်မှာပြုလုပ်မှာဖြစ်ပါတယ်။

“Apple ကုမ္ပဏီက ဒီမှာ စက်ရုံလာဖွင့်ဖို့ အရမ်းစိတ်အားထက်သန်နေတယ်။ ကုမ္ပဏီ အကြီးအကဲတချို့နဲ့ ဒီရက်ပိုင်းမှာ ဆွေးနွေးဖို့ရှိပါတယ်။ ဒါပေမယ့် သူတို့နဲ့ ဘာတွေ ဆွေးနွေးခဲ့တယ်ဆိုတာတော့ သတင်းထုတ်ပြန်ဖို့ မရှိပါဘူး”လို့ ၀န်ကြီး ပရာဆက်က ပြောပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီ ၇၂ ခုက အိန္ဒိယနိုင်ငံမှာ ထုတ်လုပ်ရေးတွေ စတင်လုပ်ကိုင်လာပါတယ်။ အဲ့အထဲက ကုမ္ပဏီ ၄၂ ခုက ဟန်းဆက်တွေ ထုတ်လုပ်ပြီး ကျန် ကုမ္ပဏီ ၃၀ လောက်က ဘက်ထရီနဲ့ ဖုန်းရဲ့ အစိတ်အပိုင်းတွေကို ထုတ်လုပ်ပါတယ်။

အိန္ဒိယနိုင်ငံက ဒစ်ဂျစ်တယ် တော်လှန်ရေးကာလရဲ့ ထိပ်ဆုံးပိုင်းကို ရောက်ရှိနေပြီး နိုင်ငံရဲ့ ဒစ်ဂျစ်တယ် စီးပွားရေးဖြစ်တဲ့
e-Commerce တွေ Digital Payments နဲ့ တခြား နည်းပညာဆိုင်ရာလုပ်ငန်းတွေကနေ တစ်နှစ်ကို ဒေါ်လာ သန်းပေါင်း ၁ သန်း (၁ ထရီယံ ဒေါ်လာ) စီးဆင်းနေတဲ့ ဈေးကွက်ဖြစ်နေပါပြီ။