Apple ဟာသူ့ရဲ့ ထုတ်လုပ်မှုတွေကို တရုတ်နိုင်ငံထဲကနေ တဖြည်းဖြည်းနဲ့ ဆွဲထုတ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ အမေရိကန်ကုမ္ပဏီကြီးဟာ ထုတ်လုပ်မှုတွေအတွက် တရုတ်နိုင်ငံတစ်ခုတည်းကိုပဲ မှီခိုမနေချင်တာကြောင့် သူ့ရဲ့ထုတ်လုပ်မှုစက်ရုံတွေကို အိန္ဒိယနဲ့ ဗီယက်နမ်လို နိုင်ငံမျိုးတွေဆီ ပြောင်းရွှေ့နေတာ ဖြစ်ပါတယ်။

အထူးသဖြင့် အိန္ဒိယဟာ Apple ရဲ့ iPhone တွေကို အဓိကတပ်ဆင်ထုတ်လုပ်ပေးမဲ့ နိုင်ငံဖြစ်လာဖွယ်ရှိပါတယ်။ လာမဲ့ ၂၀၂၅ မှာ အိန္ဒိယစက်ရုံတွေကနေ iPhone အားလုံးရဲ့ ၂၅ ရာခိုင်နှုန်းကို ထုတ်လုပ်နိုင်ဖို့ ရည်မှန်းထားတာလည်း ဖြစ်ပါတယ်။ အခုအချိန်မှာတော့ ဒီရည်မှန်းချက်ကို အရှိန်မြှင့်လုပ်ဆောင်နေတာကို တွေ့လာရပါပြီ။

Apple ဟာ iPhone 14 ကို အိန္ဒိယမှာ စတင်ထုတ်လုပ်နေပြီလို့ သိရပါတယ်။ iPhone 14 ကို အိန္ဒိယနိုင်ငံ Chennai အနီးက Foxconn စက်ရုံမှာ တပ်ဆင်နေတာ ဖြစ်ပါတယ်။ ဒါဟာ Apple အနေနဲ့ သူ့ရဲ့ နောက်ဆုံးထွက်မျိုးဆက် iPhone တွေကို ကြေညာပြီးရက်သတ္တပတ်တွေအတွင်း ပထမဆုံး ထုတ်လုပ်တဲ့ အကြိမ်လည်း ဖြစ်ပါတယ်။

အိန္ဒိယကထုတ်လုပ်တဲ့ iPhone တွေကို ဒီနှစ်နှောင်းပိုင်းမှာ ဈေးကွက်ထဲကို ပို့ဆောင်မယ်လို့ မျှော်လင့်ရပါတယ်။ Apple ဟာ အိန္ဒိယမှာ iPhone SE မော်ဒယ်ကို ၂၀၁၇ ခုနှစ်မှာ စတင် တပ်ဆင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ iPhone 13 ကိုလည်း အနည်းငယ် တပ်ဆင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး အခုနောက်ဆုံးကတော့ iPhone 14 ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ အိန္ဒိယစက်ရုံတွေဟာ iPhone အားလုံးရဲ့ ၅ ရာခိုင်နှုန်းကိုပဲ တပ်ဆင်ထုတ်လုပ်ပေးနေတာ ဖြစ်ပါတယ်။ အိန္ဒိယမှာ တပ်ဆင်ထုတ်လုပ်တဲ့အတွက် Apple ဟာ သွင်းကုန်ခွန်တွေကို သက်သာစေမှာ ဖြစ်ပါတယ်။

Ref: GSM Arena