Apple ဟာ TSMC ရဲ့ ပထမမျိုးဆက် 3nm chip တွေကို မှာယူထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် အဆိုပါ Chip တွေကို လာမဲ့ MacBooks နဲ့ iPhone 15 Pro စီးရီးတွေမှာ အသုံးပြုမှာဖြစ်ပြီး ဒီနှစ်နှောင်းပိုင်းမှာ ဈေးကွက်ထဲ ဖြန့်ချိမယ်လို့လည်း သိရပါတယ်။ DigiTimes က ဖော်ပြတဲ့သတင်းအရ Apple ဟာ iPhone ထုတ်လုပ်ရေးအတွက် N3 ထောက်ပံ့မှုကို 100% ရယူထားတယ်လို့ သိရပါတယ်။

အဆိုပါ Chip တွေဟာ ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်မားပေမဲ့ မြင့်မားတဲ့ ထွက်နှုန်းရှိတယ်လို့လည်း သိရပါတယ်။ ထုတ်လုပ်သူဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာစတင်ပြီး အဆိုပါ 3nm chipset တွေကို အလုံးအရင်းလိုက် ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ထုတ်လုပ်မှုအရှိန်အဟုန်ဟာ မြင့်မားလာခဲ့တာကြောင့် မတ်လမှာတော့ လစဉ်ထွက်ရှိမဲ့ Wafer 45,000 အထိ တိုးလာမယ်လို့ သိရပါတယ်။

Apple ဟာ သူ့ရဲ့ Bionic chipset တွေမှာ TSMC chipset တွေကို အသုံးပြုလာတာ နှစ်အနည်းငယ်ကြာခဲ့ပါပြီ။ TSMC ရဲ့ 3nm နည်းပညာကို ဒီနှစ် A17 Bionic chipset မှာ အသုံးပြုမှာ ဖြစ်ပါတယ်။ 3nm နည်းပညာကြောင့် လာမဲ့ iPhone 15 Pro စီးရီးဟာ လည်ပတ်တဲ့နေရာမှာ ပါဝါသုံးစွဲမှုအတော်လေး လျော့ကျလာမယ်လို့ ယုံကြည်ရပါတယ်။ အဆိုပါ နည်းပညာဟာ iPhone 14 မှာ အသုံးပြုထားတဲ့ 4nm နည်းပညာနဲ့နှိုင်းယှဉ်ရင် ပါဝါသုံးစွဲမှု ၃၅% ပိုပြီး သက်သာနေပါတယ်။

3nm chipset တွေကို လာမဲ့မျိုးဆက်သစ် iPhone 15 စီးရီးမှာသာမကဘဲ MacBooks တွေမှာလည်း အသုံးပြုမှာဖြစ်ပေမဲ့ Apple MacBook 13-inch နဲ့ 15-inch MacBook Air တို့ဟာ ၂၀၂၃ ပထမနှစ်ဝက်မှာ ထွက်ရှိမှာဖြစ်တဲ့အတွက် 4nm M3 Max နဲ့ M3 Pro chips တွေကိုပဲ သုံးထားမှာ ဖြစ်ပါတယ်။ ဒါကြောင့် 3nm နည်းပညာသုံး Chipset နဲ့ MacBooks တွေကိုတော့ လာမဲ့ ၂၀၂၄ အတွင်းမှာပဲ တွေ့မြင်ရဖွယ် ရှိပါတယ်။

Ref: Gizchina