Apple ကတော့ iOS 17 မှာ Feature သစ်တချို့ကို ထည့်သွင်းလာမှာ ဖြစ်ပါတယ်။ အဲဒီ Feature သစ်တွေကတော့ ဒီနှစ်ထဲမှာပဲ မိတ်ဆက်မှာ ဖြစ်ပြီး ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုတွေလည်း ဖြစ်ပါတယ်။

Apple ဟာ ဒီ ၂၀၂၃ ခုနှစ်ထဲမှာ ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းပိုင်းကို ပိုပြီးအာရုံစိုက်သွားမှာဖြစ်ပြီး Apple Pay Later နဲ့ Apple Card Savings Account တွေကို ဒီနှစ်ထဲမှာပဲ စတင်တော့မယ်လို့ သိရပါတယ်။ နာမည်ကြားလိုက်တာနဲ့ ကမ္ဘာတစ်လွှားခေတ်စားနေတဲ့ အကြွေးဝယ်စနစ်ဖြစ်တဲ့ “အခုဝယ် နောက်မှပေး” စနစ်ကို Apple လည်း စတင်လိုက်ပြီလို့ သိကြပါလိမ့်မယ်။ ဟုတ်ပါတယ်။ Apple Pay Later ကလည်း ဒီသဘောပါပဲ။

Apple Pay Later ဟာ Apple Pay ရဲ့ အင်္ဂါရပ်တွေထဲက တစ်ခုဖြစ်ပါတယ်။ Apple Pay ဝန်ဆောင်မှုနဲ့ ပြုလုပ်နိုင်တဲ့ ငွေပေးချေမှုလေးမျိုးလေးစားထဲက ၆ ပတ် အတွင်း ၄ ကြိမ် အရစ်ကျ ပေးစနစ်နဲ့ ပေးချေနိုင်မှာလည်း ဖြစ်ပါတယ်။ စိတ်ဝင်စားစရာအကောင်းဆုံးကတော့ Apple Pay Later နဲ့ အရစ်ကျပေးချေရာမှာ ဘယ်ပစ္စည်းပဲဝယ်ဝယ် ဘာအတိုးမှပေးစရာမလိုဘဲ မူရင်းဈေးနှုန်းအတိုင်းပေးချေနိုင်တယ် ဆိုတာပါပဲ။

ဒီဝန်ဆောင်မှုကို Affirm, Klarna တို့လို ပြိုင်ဘက်တွေက စတင်နှင့်ပြီးဖြစ်ပေမဲ့ Apple ကတော့ ထုံးစံအတိုင်း အကြံတူ နောက်လူသာစမြဲ ဆိုသလိုလုပ်ဖို့ ကြိုးစားလာတာပဲ ဖြစ်ပါတယ်။ ဝန်ဆောင်မှုကို ဘယ်အချိန်စတင်မလဲတော့ မကြေညာသေးပါဘူး။ ဒါဟာ ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မှာပဲ ရှိနေသေးတယ်လို့ ယုံကြည်ရပါတယ်။

Apple Card Savings Account ကတော့ သုံးစွဲသူတွေက သူတို့ရဲ့ Daily cash reward တွေကို ငွေစုအကောင့်ထဲ ထည့်သွင်းအပ်နှံနိုင်မယ်လို့ သိရပါတယ်။ ဒီ Feature ကိုလည်း Apple wallet app မှာ အပြည့်အဝပေါင်းစပ်ပေးထားမှာ ဖြစ်ပါတယ်။ Apple Card Savings Account နဲ့ သုံးစွဲသူတွေဟာ သူတို့ရဲ့အကောင့်တွေကို ကိုယ်တိုင်ငွေသွင်းခြင်းလည်း လုပ်နိုင်ပါတယ်။ ဒီအတွက် ဘဏ်အကောင့်နဲ့ Apple Card Savings Account ကို ချိတ်ဆက်ဖို့ပဲ လိုအပ်ပါတယ်။

ဒီ Feature ကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာမှာ ကြေညာခဲ့တာပါ။ ဒါပေမဲ့ တစ်ခုသိထားရမှာက ဒီဝန်ဆောင်မှုကို US က Apple Card ကိုင်ဆောင်ထားတဲ့သူတွေကပဲ ရရှိနိုင်မှာ ဖြစ်ပါတယ်။

Ref: Gizchina