Apple ရဲ့ လက်ရှိ Entry-level 10.2-inch iPad ကို ပြီးခဲ့တဲ့ စက်တင်ဘာလကမှ ဖြန့်ချိခဲ့တာပါ။ ဒါပေမယ့် အမေရိကန်ကုမ္ပဏီကြီးက သိပ်မဝေးတဲ့အနာဂတ်မှာ နောက်ထပ် Entry-level iPad သစ်ကို ထပ်ပြီး မိတ်ဆက်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။

ကောလာဟလသတင်းတွေအရ Apple ရဲ့ Update ဗားရှင်း Entry-level iPad သစ်ဟာ 10.5-inch ဖြစ်ပြီး Apple A13 Bionic Chipset လည်းပါဝင်မှာဖြစ်သလို၊ လာမယ့် ၂၀၂၁ ခုနှစ်ရဲ့ အစောပိုင်းကာလမှာ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ အချက်အလက်တွေအရ 9th Gen iPad ဟာ ပိုပါးပြီး၊ ပိုပေါ့ပါးတဲ့ ကိုယ်ထည်နဲ့တည်ဆောက်ထားသလို၊ ဒီဇိုင်းပိုင်းကလည်း လက်ရှိဗားရှင်းနဲ့ မတူဘူးလို့ ဆိုနိုင်ပါတယ်။

10.5-inch မျက်နှာပြင်နဲ့ 9th Gen iPad သစ်မှာ 4GB of RAM ထောက်ပံ့ထားမှာဖြစ်ပြီး၊ အောက်ခြေ Bezel မှာ တူညီတဲ့ Touch ID home button ကိုပဲ တပ်ဆင်ထားမယ်လို့ မျှော်လင့်ရပါတယ်။ ဈေးနှုန်းကတော့ လက်ရှိမော်ဒယ်ရဲ့ ဈေးနှုန်းဖြစ်တဲ့ $329 (၄ သိန်း ၅ သောင်း ၃ ထောင်ဝန်းကျင်) ထက် လျော့နည်းပြီး $299 (၄ သိန်း ၁ သောင်း ၂ ထောင်ဝန်းကျင်) လောက်က စတင်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် 10.5-inch entry-level iPad သစ်မှာ အခြေခံသိုလှောင်မှုပမာဏကို 64GB အထိထောက်ပံ့ထားမယ်လို့လည်း ဆိုပါတယ်။ ဒီသတင်းကို တွစ်တာမှာမျှဝေထားသူက Tron (@cozyplanes) ဖြစ်ပြီး တိကျခိုင်မာတဲ့ အထောက်အထားကို ထည့်သွင်းဖော်ပြခြင်းမရှိတဲ့အတွက် ကောလာဟလအဖြစ်ပဲ ဆက်ပြီးစောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Ref: GSM Arena