Apple ရဲ့ Foldable နဲ့ပတ်သက်တဲ့သတင်းတွေက လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ် အစောပိုင်းကတည်းက ထွက်ပေါ်နေခဲ့တာဖြစ်ပြီး၊ အခု ၂၀၂၀ ပြည့်နှစ်ရဲ့ နှောင်းပိုင်းကာလမှာတော့ သိသာထင်ရှားတဲ့အရွေ့တစ်ခုကို တွေ့မြင်လာရပြီလို့ ဆိုနိုင်ပါတယ်။ ဒါဟာ Apple Fan တွေအတွက်တော့ ဝမ်းသာစရာ ဖြစ်ပါလိမ့်မယ်။

အခုနောက်ဆုံးထွက်လာတဲ့သတင်းအရ အမေရိကန်ကုမ္ပဏီကြီးဟာ Foldable iPhone အတွက် ထောက်ပံ့ရေးကွင်းဆက်တွေအဖြစ် Hon Hai နဲ့ Shin Nikko တို့လို ကုမ္ပဏီတွေနဲ့ လက်တွဲခဲ့တယ်လို့ သိရပါတယ်။ စမ်းသပ်မှုအရ Display panel အတွက် OLED ဒါမှမဟုတ် Micro LED နှစ်မျိုးထဲက တစ်မျိုးကို အသုံးပြုဖို့ တွက်ချက်နေတယ်လို့လည်း ဆိုပါတယ်။

Device အတွက်ရွေးချယ်လိုက်တဲ့ Display panel ပေါ်မူတည်ပြီး Assembly method ကို သိသိသာသာ သက်ရောက်မှာလည်း ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကုမ္ပဏီရဲ့ Foldable iPhone ကို ဈေးကွက်ထဲမှာမြင်တွေ့ရဖို့အတွက် အနည်းဆုံး နောက်ထပ် ၂ နှစ်လောက်ထိ စောင့်ဆိုင်းရဖွယ်ရှိတယ်လို့ သုံးသပ်ကြပါတယ်။ ဒါကတော့ Apple Fan တွေအတွက် ပျော်စရာသတင်းဖြစ်မယ် မထင်ပါဘူး။

အစောပိုင်းသတင်းတွေမှာတော့ Apple ဟာ Samsung Display ကို အနည်းဆုံး တစ်နှစ်စာနမူနာ ထောက်ပံ့ပေးဖို့ ကြီးမားတဲ့အမှာစာ ပြုလုပ်ထားတယ်လို့ သတင်းထွက်ခဲ့ဖူးပါတယ်။ ဒါ့အပြင် ရှေ့ပြေးပုံစံအရ iPhone ကလည်း ခေါက်သိမ်းနိုင်တဲ့အနေအထားအထိ ဖွံ့ဖြိုးတိုးတက်နေပြီလို့ သတင်းထွက်ခဲ့ဖူးတာ ဖြစ်ပါတယ်။ အခုနောက်ဆုံးသတင်းမှာတော့ Display နဲ့ Bearings တွေကို စမ်းသပ်တဲ့အဆင့်ရောက်နေပြီလို့ ဖော်ပြလာတာပါ။

ထိုင်ဝမ်အခြေစိုက် Shin Nikko ဟာ ထောက်ပံ့ရေးကွင်းဆက်အတွက် အဓိကပံ့ပိုးပေးသူဖြစ်ပေမယ့် တပ်ဆင်မှုပိုင်းကိုတော့ Hon Hai က ကိုင်တွယ်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါ့အပြင် မကြာသေးခင်ကထွက်ပေါ်လာတဲ့ iPad Mini တွေကိုရပ်ဆိုင်းမယ်ဆိုတဲ့သတင်းကလည်း Foldable iPhone သတင်းနဲ့ ဆက်စပ်မှုရှိတယ်လို့ ဆိုရပါလိမ့်မယ်။ အကြောင်းရင်းက Foldable iPhone ကို ဖြန့်လိုက်ချိန်မှာ iPad Mini နဲ့ ဆင်တူနေတာကြောင့်လို့ ဆိုကြပါတယ်။

Ref: Gizmochina