Apple ဟာ ပြီးခဲ့တဲ့နှစ်ပိုင်းတုန်းက iPhone ၊ Apple Watch နဲ့ AirPods တွေကို တစ်ပြိုင်တည်းအားသွင်းနိုင်မယ့် AirPower Concept ကို မိတ်ဆက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဆိုပါ AirPower ဟာ တကယ်တမ်းမှာတော့ Overheating ပြဿနာတွေကြောင့် စျေးကွက်ထဲကို တရားဝင်ရောင်းချနိုင်ခြင်းမရှိခဲ့ဘဲ ဖျက်သိမ်းလိုက်ရတဲ့ Product တစ်ခုလည်းဖြစ်ပါတယ်။

အခုလည်း Apple ကနေ Device အများအပြားကို တစ်ချိန်တည်းမှာ အားသွင်းနိုင်မယ့် Multi-Device Charger တစ်ခုကို ထပ်မံပြီး ဆောင်ရွက်နေတယ်လို့ သတင်းတွေထွက်ရှိလာပြီဖြစ်ပါတယ်။ အဆိုပါ သတင်းကိုတော့ Bloomberg Media ရဲ့ Mark Gurman ကနေ ဖော်ပြခဲ့တာဖြစ်ပြီး လက်ရှိ Apple ကနေ ရောင်းချနေတဲ့ MagSafe Duo နဲ့ တူညီမှာမဟုတ်ဘဲ ပိုပြီး Device အများအပြားကို အားသွင်းပေးနိုင်မယ်လို့ သိရပါတယ်။

ဒါတင်မဟုတ်သေးဘဲ Apple ဟာ လက်ရှိအချိန်မှာ အခုလိုမျိုး ထိလိုက်မှ အားသွင်းနိုင်တဲ့ Inductive Wireless Charging နည်းပညာအစား Short နဲ့ Long Distance Wireless Charging နည်းပညာတွေကိုပါ ဆောင်ရွက်နေတာဖြစ်ပါတယ်။ Apple ရဲ့ ယုံကြည်ချက်အရတော့ အဆိုပါ Wireless Charging နည်းပညာတွေဟာ အနာဂါတ်အတွက် ပိုပြီးအဆင်ပြေစေနိုင်မှာဖြစ်ပါတယ်။

နောက်ထပ်လည်း Apple Device အချင်းချင်း အပြန်အလှန်အားသွင်းနိုင်စေဖို့အတွက် Reverse Wireless Charging နဲ့ ဆင်တူတဲ့နည်းပညာကိုလည်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ အဲ့ဒါကြောင့် နောက်ပိုင်းမှာ iPad ကနေ iPhone ကို အားသွင်းနိုင်မှာဖြစ်သလို iPhone ကနေလည်း AirPods နဲ့ Apple Watch တွေကို အားသွင်းနိုင်စေမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် လာမယ့်နှစ်ပိုင်းမှာ Apple ဆီကနေ Wireless Charging ပိုင်းမှာ နည်းပညာအသစ်တွေကို မြင်တွေ့ရဖို့ ကျိန်းသေသလောက်ရှိနေပါပြီ။

Ref – 9to5Mac