Apple ရဲ့ True Wireless Earbuds တွေဖြစ်တဲ့ AirPods တွေဟာ ထွက်ရှိတဲ့အချိန်ကနေ အခုအချိန်အထိကို အအောင်မြင်ဆုံး Wireless Earbuds တွေအဖြစ် နေရာယူထားဆဲဖြစ်ပါတယ်။ Apple ဟာ လက်ရှိအချိန်မှာ AirPods 2 နဲ့ AirPods Pro ကို အဓိကရောင်းချနေပြီး အခုနောက်ဆုံးသိရှိရတဲ့သတင်းတွေအရ AirPods 3 ကိုလည်း လာမယ့် ၂၀၂၁ နှစ်စပိုင်းမှာ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

အဆိုပါ သတင်းတွေကိုတော့ Apple နဲ့ပတ်သက်တဲ့သတင်းတွေကို အမြဲတမ်းခန့်မှန်းနေကျဖြစ်တဲ့ Ming-Chi Kuo ကနေ ဖော်ပြခဲ့တာဖြစ်ပြီး အဓိကပြောင်းလဲမှုအနေနဲ့ကတော့ Design ပိုင်းကို AirPods Pro နဲ့ပိုပြီး ဆင်တူအောင် ပြုလုပ်လာမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း Apple AirPods Pro လိုမျိုးတော့ Silicon Eartips တွေပါဝင်မှာမဟုတ်သေးဘဲ ပုံမှန် AirPods တွေလိုမျိုးပဲ EarPods Design ဖြစ်နေဦးမှာပါ။ ဒါကလည်း AirPods 3 ဟာ AirPods Pro လိုမျိုး Active Noise Cancellation Feature ပါဝင်မှာမဟုတ်တာကြောင့်လို့ ယူဆရပါတယ်။ ဒါတင်မဟုတ်သေးဘဲ တခြားသော Internal Chip တွေနဲ့ Feature အသစ်တွေထည့်သွင်းလာမလားဆိုတာကိုလည်း သေချာသိရှိရခြင်းမရှိသေးပါဘူး။

Apple ဟာ လာမယ့် ၂၀၂၀ နှစ်ကုန်ပိုင်းမှာ 5G Support ပြုလုပ်မယ့် iPhone 12 Series ဖုန်းတွေကို စျေးနှုန်းအနေနဲ့ ၆၄၉ ဒေါ်လာကနေ စတင်ရောင်းချသွားမှာဖြစ်ပြီး အမြင့်ဆုံးဖြစ်တဲ့ iPhone 12 Pro နဲ့ 12 Pro Max ဖုန်းတွေကလည်း လက်ရှိ iPhone 11 Pro နဲ့ 11 Pro Max စျေးအတိုင်းပဲ ဆက်လက်ရောင်းချသွားမှာဖြစ်ပါတယ်။

အဲ့ဒီအတွက် iPhone 12 Series ဖုန်းတွေမှာ Lightning to 3.5mm Adaptor တင်မဟုတ်ဘဲ Lightning EarPods ကိုလည်း ထည့်သွင်းပေးတော့မှာမဟုတ်ဘူးလို့ သတင်းတွေထွက်နေပါတယ်။ အဲ့ဒါကြောင့် အခုလိုမျိုး AirPods 3 ကို iPhone 12 Series တွေရောင်းချမယ့်အချိန်အပြီးမှာ မိတ်ဆက်လိုက်တာက AirPods ရောင်းအားကို ပိုတိုးလာစေဦးမှာပါ။

Ref – Phone Arena