Creative Professional တွေအတွက် အဓိကရည်ရွယ်တဲ့ Apple ရဲ့ Video Editing Software Final Cut Pro X နဲ့ Music Production Suite ဖြစ်တဲ့ Logic Pro X တို့ဟာ အခုအချိန်မှာ အခမဲ့ ရက် ၉၀ ခန့် စမ်းသပ်သုံးစွဲနိုင်တော့မှာဖြစ်ပါတယ်။ အခုလိုမျိုး ရက် ၉၀ စမ်းသုံးနိုင်မှာက အချိန်အကန့်အသတ်နဲ့ဖြစ်ပြီး လက်ရှိဖြစ်ပွားနေတဲ့ COVID-19 ဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် Apple ကနေ အခုလိုမျိုး ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

လောလောဆယ်မှာတော့ Final Cut Pro X အတွက် ရက် ၉၀ စမ်းသပ်သုံးစွဲလို့ရနေပြီဖြစ်ပြီး Logic Pro X အတွက်ကတော့ မကြာခင်ရက်ပိုင်းအတွင်းမှာရရှိလာမယ်လို့ သိရပါတယ်။

Apple ကနေ ယခုလိုမျိုး ရက် ၉၀ အထိ အခမဲ့စမ်းသပ်သုံးစွဲခွင့်ပေးလိုက်တာက လက်ရှိဖြစ်ပွားနေတဲ့ COVID-19 ကူးစက်ရောဂါကြောင့် လူတွေအများအပြား အလုပ်နဲ့ ကျောင်းတွေကို မသွားနိုင်ဘဲ အိမ်မှာပဲနေထိုင်နေရတဲ့အတွက် ဒီလိုအချိန်မျိုးမှာ Apple ရဲ့ Software တွေကို စမ်းသပ်သုံးစွဲပြီး အသစ်တွေကိုဖန်တီးနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ကြေညာခဲ့ပါတယ်။

Apple ကနေ ပုံမှန်အနေနဲ့ Final Cut Pro X အတွက် ရက် ၃၀ စမ်းသုံးခွင့်ပေးထားပြီးတော့ Logic Pro X အတွက်ကတော့ အခုမှ အခမဲ့စမ်းသပ်သုံးစွဲနိုင်မှာဖြစ်ပါတယ်။ Apple ရဲ့ ပြောကြားချက်အရတော့ လောလောဆယ်မှာ Final Cut Pro X ကို ရက် ၃၀ စမ်းသုံးနေတဲ့သူတွေအနေနဲ့လည်း ရက် ၉၀ အထိ အသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ရက် ၉၀ စမ်းသပ်သုံးစွဲပြီးလို့ ဆက်လက်အသုံးပြုချင်တယ်ဆိုရင်တော့ Final Cut Pro X ဟာ $299.99 ကျသင့်မှာဖြစ်ပြီး Logic Pro X ကိုတော့ $199.99 နဲ့ ဝယ်ယူရမှာဖြစ်ပါတယ်။

Ref – The Verge