လွန်ခဲ့တဲ့ ၁ နှစ်၊ ၂ နှစ်ဝန်းကျင်လောက်က စတင်ပြီးတော့ COVID-19 ကြောင့် တကမ္ဘာလုံးမှာ Chip Shortage ပြဿနာတွေကို ကြုံတွေ့နေရတာဖြစ်ပါတယ်။ အထူးသဖြင့် Graphic Card (GPU) ထုတ်လုပ်တဲ့စျေးကွက်မှာလည်း အဓိကထိခိုက်ခဲ့ပြီး ရလဒ်အနေနဲ့ ထုတ်လုပ်တဲ့ကုမ္ပဏီက ကြေညာထားတဲ့ စျေးနှုန်းအတိုင်း GPU တွေကို ဝယ်ယူနိုင်ခြင်းမရှိတော့ဘဲ စျေးပိုပေးပြီး ဝယ်ယူနေရတာဖြစ်ပါတယ်။

ဒါက အခုအချိန်အထိလို့တောင် ပြောနိုင်ပေမယ့် တဖြည်းဖြည်း စျေးကွက်ဟာ ပြန်လည်ကောင်းမွန်လာပြီး Cryptocurrency Mining စျေးကွက်ကလည်း ယခင်နဲ့ယှဥ်ရင် လျော့ကျလာတာကြောင့် တဖြည်းဖြည်းပုံမှန်ပြန်ဖြစ်လာတော့မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိအချိန်မှာ 3DCenter ရဲ့ ပြောကြားချက်အရ Nvidia RTX 3000 Series နဲ့ AMD RX 6000 Series Graphic Card တွေဟာ ကြေညာထားတဲ့စျေးနှုန်းထက် ၂၅ ရာခိုင်နှုန်းအနည်းဆုံးပိုပေးပြီး ဝယ်ယူနေရတုန်းဖြစ်ပါတယ်။

အခုအချိန်မှာတော့ Graphic Card တွေကို ထုတ်လုပ်တဲ့ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ ASUS ကနေ သူ့ရဲ့ Graphic Card ရောင်းချတဲ့စျေးနှုန်းကို စတင်လျော့ချနေပြီလို့ ကြေညာလိုက်ပါတယ်။ ဒါကလည်း အခုလိုမျိုး Graphic Card တွေ ပုံမှန်ထက်စျေးများနေတာကို လျော့ကျသွားအောင် ဆောင်ရွက်ဖို့ဖြစ်တယ်လို့ သိရပါတယ်။ အခုလိုမျိုး ပြုလုပ်လိုက်တာကြောင့် လာမယ့် ဧပြီလကုန် သို့မဟုတ် မေလဝန်းကျင်မှာ စတင်ပြီး အပြောင်းအလဲတွေကို တွေ့မြင်ရမယ်လို့ ယူဆရပါတယ်။

ASUS ရဲ့ ခန့်မှန်းချက်အရတော့ GPU စျေးနှုန်းတွေဟာ မကြာခင်မှာ လက်ရှိအချိန်နဲ့ ယှဥ်ရင် ၂၅ ရာခိုင်နှုန်းအထိ ပိုကျဆင်းသွားမှာဖြစ်ပါတယ်။ ဒါဟာ တကယ်ဖြစ်လာမယ်ဆိုရင်တော့ Gamer တွေအတွက် သတင်းကောင်းတစ်ခုလို့ပြောရမှာပါ။

Ref – GSM Arena