Asus က CES 2022 မှာ ZenBook 14X OLED Space Edition ကို ကြေညာခဲ့ပြီး အခုတော့ ရောင်းချပေးလိုက်ပါပြီ။ အဲဒီ Laptop မှာ Intel ရဲ့ နောက်ဆုံးထုတ် 12th Generation Core i9-12900H CPU တပ်ဆင်ထားပြီး Iris Xe GPU ထောက်ပံ့ထားပါတယ်။ 32GB RAM အထိ ထည့်သွင်းပေးထားပြီး နာမည်အတိုင်းပဲ ၁၄ လက်မ OLED မျက်နှာပြင် တပ်ဆင်ထားပါတယ်။ 16:10 Aspect Ratio ဖြစ်ပြီး 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။

ထူးခြားတာက အပြင်ဘက်မှာ ၃.၅ လက်မ အရွယ်သေး OLED မျက်နှာပြင် တပ်ဆင်ထားတာ ဖြစ်ပြီး Animations မျိုးစုံ၊ Notifications ၊ ဘက်ထရီ အခြေအနေ၊ ရက်စွဲ၊ အချိန်နဲ့ User သတ်မှတ်ထားတဲ့ စာသားတွေကို ပြသပေးပါတယ်။ ကိုယ်ထည်ကို ခေတ်ရှေ့ပြေး ဒီဇိုင်း တည်ဆောက်ထားပြီး အာကာသယာဉ် ၁ စီးနဲ့တောင် ဆင်တူပါတယ်။ US Space System Command Standards (SMC-S-016A) အတိုင်း တည်ဆောက်ထားတဲ့အတွက် တုန်ခါမှု၊ အပူချိန် အရမ်း မြင့်မားတာ၊ အရမ်း နိမ့်ကျတာတွေကို ခံနိုင်ပါတယ်။

၁၄ လက်မ Laptop ဖြစ်တဲ့အတွက် Numpad မပါလာပေမယ့် Touchpad ၁ ခု ထည့်သွင်းပေးထားပါတယ်။ ဘေးဘက်တွေမှာ USB-C Connector ၄ ခု၊ USB 3.2 Gen2 Type-A Port ၁ ခုနဲ့ HDMI 2.0 ၁ ခု တပ်ဆင်ပေးထားပါတယ်။

အမေရိကန်က စတိုးများစွာမှာ ရောင်းချပေးလိုက်ပြီ ဖြစ်ပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၁,၉၉၉ ဒေါ်လာ သတ်မှတ်ထားကာ မြန်မာငွေ ၃၇ သိန်းကျော် တန်ကြေးရှိပါတယ်။

Ref : gsmarena