Apple ကနေ ပြီးခဲ့တဲ့လတုန်းက $179 တန် AirPods 3 ကို တရားဝင်မိတ်ဆက်ခဲ့ပြီး အခုအချိန်မှာလည်း Beats ကနေ $199 တန် Beats Fit Pro Earbuds ကို အသစ်ထပ်မံမိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ AirPods 3 မှာ Active Noise Cancellation Feature ပါဝင်ခြင်းမရှိပေမယ့် ယခု Beats Fit Pro မှာ ANC ပါဝင်မှာဖြစ်ပါတယ်။

Design ပိုင်းမှာတော့ Beats Fit Pro မှာ ဖြုတ်၊ တပ်နိုင်တဲ့ Wing Tips တွေပါဝင်မှာဖြစ်ပါတယ်၊ ဒါကြောင့် Beats Fit Pro ဟာ အားကစားပြုလုပ်တဲ့သူတွေအတွက် ပိုပြီးသင့်တော်မှာဖြစ်ပါတယ်။ Fit Pro Earbuds မှာ Apple H1 Chip လည်းပါဝင်တာကြောင့် Apple Device တွေနဲ့တွဲဖက်အသုံးပြုမယ်ဆိုရင် One-step Pairing ၊ Automatic Syncing လိုမျိုး Feature တွေကို အသုံးပြုနိုင်မှာပါ။

နောက်ပြီး Beats Fit Pro မှာ Apple AirPods တွေမှာပဲ ရရှိနိုင်တဲ့ Spatial Audio with Dynamic Head Tracking Feature ကိုလည်း ထည့်သွင်းထားပါသေးတယ်။ ဒါတင်မဟုတ်သေးဘဲ AirPods 3 မှာပဲ ပါဝင်ခြင်းရှိသေးတဲ့ Skin-detect Sensor ကိုလည်း ထည့်သွင်းထားတာဖြစ်ပါတယ်။ IPX4 Water & Sweat Resistance Support ပြုလုပ်ထားတာကြောင့် မိုးရွာတဲ့အချိန်၊ အားကစားပြုလုပ်တဲ့အချိန်တွေအတွက်လည်း အဆင်ပြေစေမှာပါ။

Beats ရဲ့ ပြောကြားချက်အရတော့ Active Noise Cancellation (ANC) Feature ဟာ AirPods Pro နဲ့ ဆင်တူမှာဖြစ်ပြီး Transparency Mode ကိုလည်း ထည့်သွင်းထားမှာဖြစ်ပါတယ်။ Apple ရဲ့ Audio နည်းပညာတစ်ခုဖြစ်တဲ့ Adaptive EQ လည်းပါဝင်မှာပါ။

Beats Fit Pro ဟာ အရောင်အနေနဲ့ကတော့ Black ၊ White ၊ Gray နဲ့ Purple ဆိုပြီး ၄ ရောင်ရွေးချယ်နိုင်မှာဖြစ်ပြီး လာမယ့် နိုဝင်ဘာလ ၅ ရက်နေ့မှာ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။

Ref – The Verge