လက်ရှိစမတ်ဖုန်းတွေအကုန်လုံးနီးပါးဟာ Google AndroidOS နဲ့ Apple iOS ကိုပဲ အသုံးပြုနေကြတာဖြစ်ပါတယ်။ Android စမတ်ဖုန်းထုတ်လုပ်သူတွေဟာ ကိုယ်ပိုင် OS (Operating System) ကို ထုတ်လုပ်ဖို့ ကြိုးစားခဲ့ဖူးပေမယ့် Huawei ရဲ့ HarmonyOS လောက်ကလွဲပြီး အောင်မြင်မှုရရှိခြင်းမရှိခဲ့ဘူးလို့ ပြောနိုင်ပါတယ်။

ဒါကြောင့် Android ဖုန်းအများစုဟာ Android OS ကို အခြေခံထားပြီး အနည်းငယ်အပြင်ပန်းပြောင်းလဲမှုပြုလုပ်ထားတဲ့ ကိုယ်ပိုင် User Interface (UI) တွေကို အသီးသီးအသုံးပြုနေကြတာဖြစ်ပါတယ်။ ဒါပေမယ့် အိန္ဒိယနိုင်ငံဟာ Android နဲ့ iOS ကို ယှဥ်ပြိုင်နိုင်မယ့် ကိုယ်ပိုင် Mobile Operation System အသစ်ကို မိတ်ဆက်လိုက်ပါပြီ။

အိန္ဒိယနိုင်ငံရဲ့ ပထမဆုံးကိုယ်ပိုင် Mobile Operating System ကို BharOS လို့ အမည်ပေးထားပြီး Indian Institute of Technology (IIT), Madras မှ တီထွင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ BharOS ဟာ တင်းကြပ်တဲ့လုံခြုံရေးနဲ့ အသုံးပြုသူတွေရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်တွေမပေါက်ကြားဖို့လိုအပ်တဲ့ Organization တွေအတွက် ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Security နဲ့ Privacy ကို အဓိကဦးစားပေးထားတဲ့ BharOS ဟာ No Default Apps (NDA) လိုမျိုး Feature တွေကို ထည့်သွင်းပေးထားပြီး အသုံးပြုသူကို စိတ်ကြိုက် App ကို Default အနေနဲ့ ရွေးချယ်ခွင့်ပေးထားမှာဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်ရေးကိုယ်တာအချက်အလက်တွေပေါက်ကြားခြင်းမရှိစေဖို့အတွက် Private App Store Services (PASS) လိုမျိုး Feature တွေလည်း ထည့်သွင်းထားပါတယ်။

IIT Madras ရဲ့ Director ဖြစ်တဲ့ Prof. V. Kamakoti က အခု BharOS ဟာ အသုံးပြုတွေကို ပိုပြီးလွတ်လပ်မှု၊ ထိန်းချုပ်မှုနဲ့ လိုအပ်တဲ့ App တွေကိုပဲ ရွေးချယ်နိုင်အသုံးပြုနိုင်ဖို့ ယုံကြည်ချက်နဲ့ တီထွင်ဖန်တီးခဲ့တာဖြစ်ကြောင်းနဲ့ အသုံးပြုသူတွေအတွက် Mobile Device ပေါ်က Security နဲ့ Privacy ပိုင်းကို ပိုကောင်းအောင် ပြောင်းလဲသွားမယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။

Ref – Gizmo China