ကမ္ဘာ့အကြီးဆုံးလို့ ယူဆရတဲ့ သက်တမ်းနှစ်ပေါင်းဘီလီယံရှိတဲ့ မဟူရာစိန်တုံးကြီးကို လေလံကတစ်ဆင့် ပေါင် ၃.၁၆ သန်း (အမေရိကန်ဒေါ်လာ ၄.၃ သန်း) တန်ကြေးရှိ Cryptocurrency နဲ့ ဝယ်ယူသွားတယ်လို့ သိရပါတယ်။ ဒီအရောင်းအဝယ်သတင်းဟာ လန်ဒန်ကနေထွက်ပေါ်လာတာပါ။

Sotheby’s ရဲ့ ဖော်ပြချက်အရ “The Enigma” အမည်ရှိတဲ့ မဟူရာစိန်တုံးကြီးဟာ အလေးချိန် ၅၅၅.၅၅ ကာရက်ရှိပြီး လန်ဒန်မှာ ဖေဖော်ဝါရီ ၂ ရက်ကနေ ၉ အရက်အတွင်း ပြသခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာတော့ The Enigma ကို Cryptocurrency အသုံးပြုပြီးဝယ်ယူသွားကြောင်း လေလံအိမ်တော်က အတည်ပြုခဲ့ပါတယ်။

Sotheby’s က ဝယ်ယူသူရဲ့အမည်ကို မဖော်ထုတ်ခဲ့ပေမဲ့ လုပ်ငန်းရှင် Richard Heart ကတော့ သူဟာ စိန်ကိုရရှိခဲ့ပြီး “HEX.com diamond” လို့နာမည်ပြောင်းမှာဖြစ်ကြောင်း တွစ်တာမှာ လွှင့်တင်အသိပေးသွားခဲ့ပါတယ်။ “The Enigma” ဟာ ဂင်းနစ်ကမ္ဘာ့မှတ်တမ်းစာအုပ်မှာ ၂၀၀၆ ခုနှစ်အထိ အကြီးဆုံးစိန်တုံးအဖြစ်သတ်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

Sotheby’s ကတော့ “The Enigma” ကို “အရှားပါးဆုံးသော နှစ်ဘီလီယံသက်တမ်းရှိ အံ့ဖွယ်များထဲမှတစ်ခုအဖြစ် လူသားတို့သိရှိကြသော” လို့ အမွှမ်းတင်ထားပါတယ်။ “The Enigma” ဟာ Carbonado diamond ဖြစ်ပါတယ်။ ဒါကို ကမ္ဘာ့မြေမျက်နှာပြင်မှာပဲ ရှာတွေ့တာလား၊ ဒါမှမဟုတ် အာကာသကပဲ ရောက်လာတာလားဆိုတာကို ရှင်းရှင်းလင်းလင်း မသိနိုင်သေးပါဘူး။

“ဒီလိုမျိုး မဟူရာရောင်စိန်အမျိုးအစားဟာ သဘာဝဓာတုအငွေ့တွေထွက်လာတဲ့ ဥက္ကာခဲတွေရဲ့ အကျိုးသက်ရောက်မှုကနေ ဖန်တီးထားတာလို့ ယူဆရပါတယ်။ ဒါမှမဟုတ် စိန်တွေပါတဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေက ကမ္ဘာနဲ့ ပွတ်တိုက်မှုဖြစ်ရာကနေ စူပါနိုဗာပေါက်ကွဲမှုဖြစ်ပြီး ဖန်တီးလာခဲ့တာမျိုး” ဖြစ်နိုင်ကြောင်း Sotheby’s က ဆိုပါတယ်။

Ref: CNBC