BlackBerry ဆိုတာနဲ့ ဒီဇိုင်းဆန်းဆန်း ကီးပတ်မိုလ်ဘိုင်းဖုန်းတွေကို မြင်ယောင်မိကြမယ်ထင်ပါတယ်။ ၂၀၂၀ ပြည့်နှစ်နဲ့ ဒုတိယလအစမှာ ကြားလိုက်ရတဲ့ ဝမ်းနည်းစရာသတင်းက BlackBerry Mobile ဟာ နောက်တစ်ကြိမ် သေဆုံးရပြန်ပြီဆိုတဲ့ သတင်းပါ။ ဒီလိုအဖြစ်မျိုးကို BlackBerry ကြုံတွေ့ရတာ ဒါပါနဲ့ဆို တတိယအကြိမ်ဖြစ်ပါတယ်။

BlackBerry ဟာ လာမယ့် သြဂုတ်လ ၃၁ ရက်နေ့ကစလို့ မိတ်ဖက်အဖြစ်လက်တွဲထားတဲ့ TCL နဲ့ လက်တွဲဖြုတ်တော့မယ်လို့ ကြေညာလိုက်ပါတယ်။ ဒီနောက်ပိုင်းမှာတော့ TCL ဟာ BlackBerry အမှတ်တံဆိပ်ပစ္စည်းတွေအတွက် ဒီဇိုင်းရေးဆွဲတာ၊ ရောင်းချတာတွေ လုပ်တော့မှာမဟုတ်ပါဘူး။ ဒါပေမယ့် TCL ဟာ Customer service ကိုတော့ ၂၀၂၂ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့အထိ ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

BlackBerry နဲ့ TCL တို့ဟာ ၂၀၁၆ ခုနှစ်မှာ စတင်ပူးပေါင်းခဲ့တာပါ။ DTEK 50, DTEK 60 နဲ့ BlackBerry KEYone တို့ဟာ ဒီပူးပေါင်းမှုရဲ့ ပထမဆုံးထုတ်ကုန်တွေမှာ ပါဝင်ခဲ့ပါတယ်။ TCL က ဒီဇိုင်းဆွဲ၊ ထုတ်လုပ်ပြီး Software ကိုတော့ BlackBerry ကတာဝန်ယူခဲ့တာပါ။ ဒီနောက်မှာတော့ BlackBerry KEY2, BlackBerry KEY2 LE, BlackBerry Motion တွေဖြစ်ပါတယ်။

BlackBerry KEY2 RED Edition ကို ထည့်မတွက်ဘူးဆိုရင် TCL ဟာ ပြီးခဲ့တဲ့နှစ်က ဖုန်းအသစ်ကို မကြေညာခဲ့သလို အိန္ဒိယနဲ့ အင်ဒိုနီးရှားက Optiemus နဲ့ BB Merah Putih တို့လည်း ဖုန်းအသစ်မကြေညာခဲ့ကြတာကို တွေ့ရပါတယ်။ လက်ရှိအချိန်အထိ BlackBerry နဲ့ အခြားလိုင်စင်ရကုမ္ပဏီတွေအကြောင်းလည်း ဘာသတင်းမှမကြားရဘဲ တိတ်ဆိတ်နေတုန်း ဖြစ်ပါတယ်။

TCL ကတော့ ပြီးခဲ့တဲ့နှစ်တုန်းကတည်းက သူတို့ရဲ့ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ ပထမဆုံးစမတ်ဖုန်းကို ကြေညာခဲ့သလို၊ လာမယ့် MWC 2020 မှာလည်း မော်ဒယ်သစ်သုံးမျိုးကို ကြေညာဖို့စီစဉ်နေတာ ဖြစ်ပါတယ်။ ဒီအခြေအနေတွေကြောင့် BlackBerry ဇာတ်သိမ်းသွားပြီလို့ တပ်အပ်မပြောနိုင်ပေမယ့် စိုးရိမ်ဖွယ်ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Ref: Gizmochina