အိန္ဒိယက သူ့နိုင်ငံတွင်းမှာ TikTok သုံးစွဲခွင့်ပိတ်ပင်ခဲ့တာထက် အမေရိကန်က ပိတ်ပင်တာက ပိုပြီးပွဲဆူတယ်လို့ ဆိုရမှာပါ။ TikTok ဘက်ကလည်း အမေရိကန်အစိုးရကို တရားရင်ဆိုင်ဖို့အထိပါ ကြေညာလာပါတော့တယ်။ တစ်ဖက်မှာလည်း အမေရိကန်ကုမ္ပဏီအချို့က TikTok ကို လက်လွှဲဝယ်ယူဖို့ ကြိုးစားနေတယ်ဆိုတဲ့သတင်းတွေလည်း ရှိနေပါသေးတယ်။

စက်တင်ဘာလ ၁၅ ရက်နေ့ဟာ အမေရိကန်ပြည်ထောင်စုအတွင်း TikTok ကို သုံးစွဲခွင့်ရတဲ့ နောက်ဆုံးနေ့ပါပဲ။ ဒီနောက်ပိုင်းမှာတော့ သုံးစွဲခွင့်ပေးတော့မှာမဟုတ်ပါဘူး။ ဒီအတွက် တရုတ်ပိုင်ကုမ္ပဏီဖြစ်တဲ့ ByteDance ဟာ သူတို့ရဲ့ ပလက်ဖောင်းကို အမေရိကန်ကုမ္ပဏီတစ်ခုခုဆီ ရောင်းမှာလား၊ မရောင်းဘူးလားဆိုတဲ့ မတင်မကျအခြေအနေအတွက် အချက်ပေးသံကပိုပြီးဆူညံလာပြီလို့ ဆိုနိုင်ပါတယ်။

Oracle နဲ့ Microsoft တို့ကတော့ အခုအချိန်ထိ TikTok ကို ဝယ်ယူဖို့ စိတ်ဝင်စားနေတုန်းပါပဲ။ ဒါပေမယ့် ဒီအရောင်းအဝယ်ကိစ္စမှာ စီးပွားရေးအပြင် အခြားလွှမ်းမိုးမှုတွေလည်း ရှိနေပါသေးတယ်။ အိမ်ဖြူတော်ရဲ့ဖိအားကြောင့် TikTok ကို အမေရိကန်ပိုင်ကုမ္ပဏီတစ်ခုခုဆီ ရောင်းချလိုက်တာဟာ တရုတ်ရဲ့ပါဝါအားနည်းလာတဲ့ပုံစံ ဖြစ်သွားမှာကို တရုတ်ကယူဆနေတယ်လို့ ရိုက်တာသတင်းဌာနက အမည်မဖော်ပြထားတဲ့ သတင်းရင်းမြစ်ကို ကိုးကားပြီး ရေးသားဖော်ပြခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ Zhao Lijian ကလည်း အမေရိကန်ဟာ နိုင်ငံခြားကုမ္ပဏီတွေကို ဖိနှိပ်ဖို့အတွက် နိုင်ငံတော်လုံခြုံရေးသဘောတရားကို အလွဲသုံးစားလုပ်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ အမေရိကန်ကတော့ TikTok ဟာ သုံးစွဲသူအချက်အလက်တွေကို တရုတ်အစိုးအရဆီပေးပို့တယ်လို့ စွပ်စွဲနေခဲ့တာပါ။ ဒါ့အပြင် TkiTok ရဲ့ နည်းပညာနဲ့ Properties တွေကို အမေရိကန်ကုမ္ပဏီဆီ မပြသခင်မှာ ပေကျင်းအစိုးရဟာ ပြင်ဆင်တည်းဖြတ်ပြီးမှ အတည်ပြုချက်ထုတ်ပေးတယ်လို့လည်း စွပ်စွဲချက်တွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

Ref: GSM Arena