Xpeng Motors က Xpeng Huitian ကားပျံကို ဈေးကွက်ထဲမှာ အမြောက်အများ ထုတ်လုပ်ရောင်းချတော့မှာ ဖြစ်ပါတယ်။ အဲဒီကားဟာ လမ်းပေါ်မှာ မောင်းနှင်နိုင်သလို ကောင်းကင်မှာ ပျံသန်းနိုင်ပါတယ်။

Xpeng Land Aircraft Carrier

ကုမ္ပဏီက Xpeng Motors ရဲ့ လက်ခွဲ ကုမ္ပဏီတွေ ဖြစ်တဲ့ Guangdong Xpeng ၊ Guangdong Huitian နဲ့ ပူးပေါင်းလိုက်တယ်လို့ ကြေညာလိုက်ပါတယ်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့မှာ စတင် ပူးပေါင်းလိုက်တာပါ။

Xpeng Motors ရဲ့ ရှယ်ယာ အများစုကို ပိုင်တဲ့ He Xiaopeng က ထိန်းချုပ်ထားတဲ့ Guangdong Huitian ဟာ ကားပျံအတွက် သုတေသနနဲ့ ဖွံ့ဖြိုးမှုကို အဓိက လုပ်ဆောင်မှာပါ။ Xpeng Motors ရဲ့ ကုမ္ပဏီခွဲ Guangdong Xpeng က ဒီဇိုင်းနဲ့ နည်းပညာ ဖွံ့ဖြိုးမှုကို အဓိက လုပ်ဆောင်မှာ ဖြစ်ပြီး ကားပျံတွေကို တပ်ဆင်မှာပါ။

Xpeng Land Aircraft Carrier

Xpeng Huitian ဟာ Modular ကားပျံ ဖြစ်ပြီး ကုန်းပေါ်သွားတဲ့ ကိုယ်ထည်နဲ့ လေပေါ်ပျံတဲ့ ကိုယ်ထည်ကို ဖြုတ်တပ်နိုင်ပါတယ်။ ကုန်းပေါ်သွားတဲ့ ကိုယ်ထည်မှာ လူ ၄ ယောက်၊ ၅ ယောက် လိုက်ပါ နိုင်ပါတယ်။

လေပေါ် ပျံတဲ့ ကိုယ်ထည်မှာ လျှပ်စစ်စွမ်းအင်ကို အသုံးပြုထားပြီး မြေပြင် ကနေ ဝေဟင်၊ ဝေဟင် ကနေ မြေပြင်ကို ဒေါင်လိုက် အတက်၊ အဆင်း ပြုလုပ်နိုင်ပါတယ်။ ဝေဟင် အနိမ့်ပိုင်းမှာ ပျံသန်းဖို့ သင့်တော်ပြီး မောင်းသူမဲ့ နည်းပညာလည်း ပါပါတယ်။

Xpeng Huitian ကို ၂၀၂၅ ခုနှစ် ကွာတား ၄ မှာ အမြောက်အများ ထုတ်လုပ်ဖို့ ရည်မှန်းထားပြီး Guangdong Xpeng က နောက်ဆုံး အဆင့် တပ်ဆင်တာကို ပြုလုပ်မှာပါ။

Ref : gizmochina