တရုတ်လျှပ်စစ်ကား (EV) ကုမ္ပဏီ BYD က ဥရောပရဲ့ လျှပ်စစ်ကားရောင်းအားမှာ Tesla ကို ပထမဆုံးအကြိမ်အဖြစ် ကျော်တက်သွားခဲ့ပါတယ်။ Jato Dynamics ရဲ့ အချက်အလက်တွေအရ ၂၀၂၅ ခုနှစ်၊ ဧပြီလမှာ BYD က ဥရောပမှာ ဘက်ထရီသုံး လျှပ်စစ်ကားအသစ် (BEV) အစီးရေ ၇,၂၃၁ စီး ရောင်းချနိုင်ခဲ့ပြီး၊ အဲဒါက Tesla ရဲ့ အစီးရေ ၇,၁၆၅ စီးကို အနည်းငယ်လေးနဲ့ ကျော်တက်သွားခဲ့တာ ဖြစ်ပါတယ်။
ဥရောပမှာ BYD ရဲ့ ကားရောင်းအားက မနှစ်ကနဲ့ယှဉ်ရင် ၁၆၉% အထိ ခုန်တက်သွားခဲ့တဲ့အချိန်မှာ Tesla ရဲ့ ရောင်းအားကတော့ ၄၉% ကျဆင်းသွားခဲ့ပါတယ်။ အဲဒီအပြောင်းအလဲက BYD က ဥရောပဈေးကွက်ထဲကို အရှိန်အဟုန်နဲ့ ထိုးဖောက်ဝင်ရောက်နေတာကို သက်သေပြသနေပါတယ်။
တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့လည်း BYD က Tesla ကို နန်းချကာ ကမ္ဘာ့ EV ကား ရောင်းအား အများဆုံး ကုမ္ပဏီ ဖြစ်လာပါတယ်။ ဥရောပမှာ Tesla ရဲ့ ရောင်းအားကျဆင်းမှုက သူ့ရဲ့ကားမော်ဒယ်တွေ သိပ်မဆန်းသစ်တော့တာနဲ့ Elon Musk ရဲ့ နိုင်ငံရေးဆိုင်ရာ လုပ်ဆောင်ချက်တွေအပေါ် ဝေဖန်မှုတွေ တိုးပွားလာနေတာတွေကြောင့် တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့လည်း သုံးသပ်ကြပါတယ်။
Ref : Technology Innovation