အစီရင်ခံစာအသစ်အရ Google Chrome ဟာ ၂၀၂၀ ခုနှစ်မှာလည်း Browser ဈေးကွက်ကို ဆက်လက်ဦးဆောင်နေပါတယ်။ Google ရဲ့ လူကြိုက်များ အင်တာနက်ဘရောက်ဇာဟာ အခုနှစ်ရဲ့ ပထမငါးလဆက်တိုက် လူသုံးအများဆုံး Browser ဖြစ်ပြီး စံချိန်တင်အနေနဲ့ ဈေးကွက်ရှယ်ယာ 69.8% ထိ ပိုင်ဆိုင်ထားပါတယ်။

ဒီအစီရင်ခံစာကိုတော့ အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားမှ အချက်အလက်စုဆောင်းသူ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Net Applications ကနေ ထုတ်ပြန်လာတာပါ။ အရင်က Microsoft Windows မှာ တစ်ပါတည်းပါဝင်တဲ့ Internet Explorer ဟာ ၂၀၀၈ ခုနှစ်မှာ 70% ထိ ရရှိခဲ့ဖူးပြီး တကယ်လို့ Chrome သာ 70% ကျော်ခဲ့ရင် သမိုင်းတလျှောက် Browser ဈေးကွက်မှာ 70% ကျော်ဖူးတဲ့ တတိယမြောက် ဖြစ်လာမှာပါ။

Microsoft ကလည်း လုံးဝဖယ်ထုတ်ခံလိုက်ရတာတော့မဟုတ်ဘဲ Edge Browser အသစ်နဲ့ လူကြိုက်များမှုကို ပြန်လည်ခံယူလာခဲ့ပါတယ်။ သူ့ရဲ့တိုးတက်မှုနှုန်းအရ ၂၀၂၁ ခုနှစ် အခုလိုအချိန်မှာ Edge ရဲ့ဝေစုက 10.3% ထိ ရှိလာမယ်လို့ မျှော်မှန်းထားပါတယ်။

တချိန်က Internet Browser ဘုရင်တစ်ဆူဖြစ်ခဲ့တဲ့ Mozilla Firefox ကတော့ ၂၀၂၀ ခုနှစ် မေလမှာ ဈေးကွက်ရဲ့ 7.2% ထိ ရှိနေပါသေးတယ်။ ဒါပေမယ့် သူ့ရဲ့တိုးတက်မှုက ရပ်တန့်နေပြီဖြစ်တာကြောင့် Google ရဲ့ Chrome ကို ရုတ်တရက် စိန်ခေါ်နိုင်မယ့်သူတော့ မပေါ်လာသေးပါဘူး။

Ref – GizmoChina